Tuesday, November 6, 2012

စာနယ်ဇင်း နှင့် လက်ဆောင်ခြင်း ။ (အကြည်တော်)


by ကိုဝိုင် ဝိုင်ကေ on Monday, November 5, 2012 at 9:42am 

 ခလောက်နီကျေးရွာတွင်ဖြစ်သည်။
တစ်နေ့သ၌ခလောက်နီရွာသား မောင် ကျော်ကြားမြို့တက်သွားပြီးယခုတလော မြို့တွင်ခေတ်စားနေသော သတင်းဂျာနယ် တစ်စောင်တိတိရွာသို့ဝယ်ပြန်လာ လေသည်။ ရွာသို့ရောက်၍ဖတ်ကြည့်သော အခါ.. "စီမံကိန်းဆန္ဒပြ""ရေလုပ်သားများ ဆန္ဒပြ""လယ်ယာမြေများအတွက် ဆန္ဒပြ""စက်ရုံ လုပ်သားများ ဆန္ဒပြ""ပါတီအချင်းချင်းမညီညွတ် ၍ဆန္ဒပြ"ဂျာနယ်တစ်စောင်လုံး ဆန္ဒ ပြသော သတင်းချည်း မြင်ရလေ သောအခါ ခလောက် နီရွာသား များ မရိုးမရွ ဖြစ်ကြရလေသည်။
ဆယ်အိမ်လူကြီး ဦးဖိုးသီးက..

"ကဲ ကြည့်စမ်း၊ ဟိုနေရာရွရွ ဆန္ဒပြကြ၊ ဒီနေရာရွရွ ဆန္ဒပြကြနဲ့ ဆန္ဒပြနေကြတာ မနည်းပါလား"
သူ့စကားကို ရာအိမ်လူကြီး ဦးသာလှ ကြီးက..
"ဟုတ်ပ။ အားကျစရာကြီးပဲ၊ အင်း.. အားကျစရာကြီးပဲ"
ဘာကိုအားကျမှန်းမသိ၊ ဝင်၍အားကျ သည်။ ဒါကို လယ်သမားကြီး ဦးကြီးရွှေက လည်း..
"အင်း သူများအသီးသီး ဆန္ဒပြနေမှ တော့တို့ရွာမှာလည်း၊အင်းတို့ရွာမှာလည်း"
သူ စကားလမ်းကြောင်းလိုက်သည်နှင့် တစ်ယောက်က ထပြီး ..
"ဟုတ်တယ်။ ကျုပ်တို့ရွာက ဆန္ဒမပြ ရင် ဒီမိုကရေစီခေတ်မှာ ခေတ်မမီဘဲ နောက် ကျကျန်နေလိမ့်မယ်"
သူ့စကားကိုနောက်တစ်ယောက်က.."ဒါဆို ကျုပ်တို့က ဘာလုပ်ကြမှာလဲ"
သူ့အဆိုကို ဆယ်အိမ်လူကြီး ဦးသာ လှကြီးမှ လက်သီးလက်မောင်းတန်း၍.."ဆန္ဒပြကြတာပေါ့"
သူ့စကားကို အားလုံးအားရပြီး.."ဟုတ်တယ် ဆန္ဒပြရမယ်""သူများ ဆန္ဒပြရင် တို့လည်းပြရမယ်"
ဆိုကာ အုတ်အုတ်ကျက်ကျက် ဖြစ်ကုန်၏။ အားလုံးကလည်း ဆန္ဒပြရန်စိတ်လောလာကြ သည်။
ဒါကိုလယ်သမားကြီးဦးကြီးရွှေက.."ဒါနဲ့ ဆန္ဒပြမယ်ဆိုတော့ ဘာကိုဆန္ဒပြ မှာလဲ"
သူ့စကားကြောင့် အားလုံး အူလည် လည်ဖြစ်ကုန်၏။ မှန်ပေသည်။ ဆန္ဒပြမယ် ဆိုတော့လည်း အကြောင်းအရာက မည်မည် ရရမရှိ။ဒါကိုထန်းတက်သမားဦးလူထွားက.."အိုဗျာ..သူကြီးရှိတာပဲ။ သူကြီးကို ဆန္ဒပြတာပေါ့"သူ့စကားကို အားလုံးခေါင်းကုတ်သွား သည်။ အတန်ကြာမှ ရာအိမ်လူကြီး ဦးသာ လှကြီးက.."နေပါဦး။ သူကြီးကို ဆန္ဒပြမယ်ဆိုတော့ သူကြီးမှာဘာအပြစ်ရှိလို့လဲ၊ သူ့ဘာသာသူ နေတယ်၊ရွာသားအားလုံးကိုကျောသား ရင် သားမခွဲခြားဘဲ အုပ်ချုပ်တယ်။ မဟုတ်တာ မလုပ်ဘူး။ကဲ..သူ့ကိုဘာဆန္ဒပြစရာ ရှိလဲ"အားလုံး အူလည်လည်ဖြစ်ကုန်၏။ မှန် ပေသည်။ခလောက်နီ သူကြီးလောက် ကောင်း တာ ခလောက်နီသူကြီးသာ ရှိသည်။

"ကဲ ဒါဖြင့် ဂေါပကကို ပြမယ်ဗျာ""ဂေါပကကို ပြမယ်ဆိုတော့ရွာဂေါပက က ရွာသားတွေဆီတောင် အလှူမခံဘဲ စေ တနာရှိမှထည့်၊ သူတို့ကိုယ်တိုင် အိတ်စိုက် ပြီးပြုပြင်လာတာ အခု ဆိုရွာဘုရားတောင် ရွှေရောင်တဝင်းဝင်း"
ဒါလည်းမှန်ပေသည်။ ဂေါပ ကများမှာ ရွာကလေးစားရသော လူချမ်းသာများဖြစ် သည့်အပြင် ဘုရားရေး၊ တရားရေး လက်မ နှေးသူများမို့ ဘာအပြစ်မှ ပြောစရာမရှိ။
"ဒါဖြင့်လယ်ယာမြေကကော"
"လယ်ယာမြေကလည်း ကိုယ်ပိုင်တဲ့ လယ် ကိုယ်စိုက်ကြတယ်။ သူရင်းငှားတွေကိုလည်း လယ် ရှင်တွေကဆွေရင်းမျိုးရင်း မကင်းလို့ ဝါဝင်ဝါထွက်တောင် ထိုင်ထိုင် ကန်တော့နေ ရတာကို"
"မြစ်ချောင်းဆိုရင်ကောဗျာ"
"ဟောဗျာ၊ ဘယ်သူမဆို လှေတစ်စင်း၊ ပိုက်တစ်ဖုံနဲ့ ကြိုက်ရာအချိန်ဆင်း၊ ကြိုက် ရာနေရာကွန်ပစ်၊ငါးဖမ်း၊ တားမယ့်သူမပြောနဲ့၊ ဘယ်နေရာမှာ ငါးပိုကျလို့ အဲဒီနေရာသွားဆို ပြီး ညွှန်ပြလွန်းလို့ အားနာနေရတဲ့ကိစ္စ၊ ဘာ ကိစ္စဆန္ဒပြရမှာလဲ"
"ရွာကျောင်းဆရာတော်ကို ဆိုရင်ကော ဗျာ"
"ဟာ ဆရာတော်ကတရားရေးကလွဲပြီး ဘာမှစိတ်ဝင်စားတာ မဟုတ်ဘူး။ တော်ကြာ သူတော်ကောင်းပြစ်မှားမိလို့ ငရဲ ငအုံကြီးကုန် မှဖြင့်"
အားလုံးခေါင်းကုတ်ကုန်၏။ သူတို့ခမျာ ဒီမိုကရေစီခေတ်မှာ ကြိုက်ရာကို လက်ညှိုး ထိုးပြီး ဆန္ဒပြ၍ရပါလျက် သူတို့ရွာ၌ ဘာမှ လက်ညှိုးထိုးစရာမရှိ၍အလွယ်ကူဆုံး အရင်း မစိုက်ဘဲ လူတွင် ကျယ်လုပ်၍ရသော ဆန္ဒပြ ခြင်းကိုပင်ပြုလုပ်စရာမရှိဖြစ်နေကြလေသည်။

အတန်ကြာမှ ခေတ်ပညာတတ် ကိုရင်ကြီး ကျောင်းထွက်ကိုသောင်းဟန်က..
"ဒါဖြင့် ဒီလိုလုပ်ဗျာ၊ ခင်ဗျားတို့မှာလည်း ဆန္ဒရှိတယ်။ ကျုပ်တို့မှာလည်း ဆန္ဒရှိတယ်။ အဲဒီဆန္ဒတွေကို ပြသချင်ကြတယ် မဟုတ် လား"
အားလုံး ခေါင်းညိတ်ကြသည်။
ကို သောင်းဟန်မှဆက်၍
"အဲဒီတော့ဗျာ၊ ခင်ဗျားတို့၊ ကျုပ်တို့ ဆန္ဒတွေက ဆန္ဒပြချင်တယ်ဆိုတာပဲ မဟုတ် လား"
အားလုံးနားလည်လား၊ နားမလည်လား မသိ။ ခေါင်းညိတ်ကြပြန်သည်။ ဟိုက ဘုန်း ကြီးကျောင်းထွက်မို့ ပညာတတ်တယ်လေ။ ဒါကြောင့် မကန့်ကွက်ရဲ။
"အဲဒီတော့ ခင်ဗျားတို့ ကျုပ်တို့ရဲ့ ဆန္ဒအရ ဆန္ဒပြချင်ကြောင်း၊ ဆန္ဒရှိကြောင်း ကို ဆန္ဒပြကြတာပေါ့ မဟုတ်ဘူးလား"
ကိုသောင်းဟန်စကားကြောင့် အားလုံး မျက်လုံးအရောင်များ လက်ကုန်၏။
"ဟုတ်တယ်၊ ကျုပ်တို့မှာ ဘာကြောင့် ရယ်မဟုတ်ဘူး။ ဆန္ဒပြချင်တဲ့ဆန္ဒရှိကြောင်း ကို ဆန္ဒပြကြတာပေါ့"
"ဟုတ်တယ်၊ ကျုပ်တို့မှာ ဆန္ဒပြချင် တဲ့ ဆန္ဒရှိကြောင်း ဆန္ဒပြကြမယ်"
"ဒါမှ ဆန္ဒက ဖြစ်ပေါ်လာတဲ့ ဆန္ဒပြမှု အစစ်"
အားလုံး အကြောင်းအရာ ခေါင်း စဉ် ရ သွား၍ ဝမ်းသာ သွားကြသည်။ အားလုံးလူ စုကြ၊ နေရာသတ် မှတ် ကြ နှင့် တက် တက် ကြွကြွဖြစ် ကုန်၏။

အား လုံးပြီး စီးခါနီးမှ ဆယ် အိမ်လူ ကြီး ဦးဖိုး သီက သတိရ သွားပြီး
"နေနေကြစမ်းပါဦး၊ ကျုပ်တို့က ဆန္ဒပြဖို့ ဆန္ဒရှိကြောင်း ဆန္ဒပြ ကြပြီဆိုပါတော့၊ ကျုပ်တို့ဆန္ဒပြတဲ့ပွဲကို ဘယ် သူမှ မသိရင် ဘာလုပ်ကြမှာလဲ၊ အခုဟာက ဆန္ဒပြဖို့ ဆန္ဒရှိကြောင်းဆန္ဒပြဖို့လူကတစ် ရွာ လုံးပါနေပြီပဲ"မှန်ပေသည်။ ဤပွဲကို သဘောကျ၍ သူကြီးဦးဖိုးနီရော၊ သူကြီးကတော်ဂွမ်းသွယ်ပါ စာရင်းသွင်းထားပြီးပြီမို့ ကလေးအစ စာရင်း တို့ပြီးဖြစ်နေပေပြီ။"ကျုပ်တို့ ဆန္ဒပြချင်ကြတယ်ဆိုတာ ဟောဒီလိုဘုတ်အုပ်တွေမှာပါမှ ကျုပ်တို့ ဆန္ဒ ပြရကျိုးနပ်ပေမပေါ့ဟုတ်ဘူးလား"သူ့စကားကို သူကြီးဦးဖိုးနီက
"ဒါများလွယ်ပါတယ်။တစ်ခါကခလောက် နီရွာသား မောင်ကျော်ကြားနဲ့ လိုက်လာတာ စာရေးဆရာဆိုလား၊သူ့ကိုအကူအညီ တောင်း ပြီး ဘုတ်အုပ်ထဲထည့် ရင်ရော"
"အေးလေ၊ ဒါမှ တို့မှာဆန္ဒပြဖို့ ဆန္ဒရှိ ကြောင်း တစ်တိုင်းတစ်ပြည်လုံးသိမှာပေါ့။ ဟုတ်ဘူးလား""ဂျာနယ်ထဲပါတော့ ရန်ပုံငွေတောင်ရ ချင်ရမှာ"ဆန္ဒကမပြရသေး။စီးပွားရှာဖို့ကစကြံကြ ပြီ။

ခလောက်နီရွာသားများပေကိုး။ထို့နောက်.အားလုံးကျွန်တော်၏ခေါင်းပေါ် ရောက် လာတော့၏။သူတို့ရွာတွင် ဆန္ဒပြဖို့ဆန္ဒရှိ ကြောင်း သိသာစေရန်ဆန္ဒပြပွဲ ကျင်းပခြင်းကို ဂျာနယ် များ၊ မဂ္ဂဇင်းများ (သူတို့အခေါ်ဘုတ်အုပ်)တွင် ပါရှိနိုင်ရန်အတွက် ကျွန်တော့်ကို လာ ပြောသောအခါ
"ဒါတော့ ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ ဆန္ဒပြတယ်ဆိုတာ သတင်းလိုင်းဖြစ်တယ်။ ဒါကို သတင်းဖြစ် မှတစ်နိုင်ငံလုံးသိနိုင်မယ်။ ဒါကြောင့် သတင်းသမားတွေကို ပြောကြည့် ပေးမယ်"ဟုအာမဘန္တေခံပြီး ရင်းနှီးသော သတင်း သမားများဖြစ်သော ရွှေကြိမ်လုံး၊ မောင်နန်း မိုး၊ ဇေယျာဘုတိုတို့အားပြောကြည့်ရာ
"ရတယ်လေ၊သတင်းကောင်းပဲ လိုက်ကြ တာပေါ့"ဟုဆိုကာလှိုက်လှဲပျူငှာကြိုဆိုပါ၍ ဝမ်း သာ အားရပင် ခလောက်နီရွာသား မောင် ကျော်ကြားလေးအား
"အေး သတင်းသမားတွေတော့ ရွာလာ မယ်၊ သတင်းလာယူမယ်ပြောတယ်။ သူတို့ အပြန်မှာရွာက တတ်နိုင်သလောက် ပဏ္ဏာ တော့ဆက်လိုက်ကြ"ဟု အထပ်ထပ်မှာကြား၍ လွှတ်လိုက် ရလေသည်။မှန်ပေ၏။
ထိုနေ့က ခလောက်နီရွာ၌ ရွာလုံးကျွတ်မျှ ဆန္ဒပြကြသည်။ သူတို့ဆန္ဒပြပုံ မှာ တစ်နည်းတစ်ဖုံထူးဆန်းပါသည်။ လူ တိုင်းကိုယ်စီ၏ လက်၌ 'ဆန္ဒ'ဟူသော ဆိုင်း ဘုတ်များကို မြှောက်ကိုင်ပြပြီး
"ဆန္ဒပြဖို့အရေး တို့အရေး၊ ဆန္ဒပြဖို့ အရေး တို့အရေး၊ဆန္ဒပြဖို့အရေးတို့အရေး"
ဟုအော်ဟစ်ကာ လူမကျန်တော့သော သူတို့ရွာကို နေကုန်အောင်ပတ်ကြလေသည်။ သတင်းသမားရွှေကြိမ်လုံး၊ မောင်နန်း မိုး၊ ဇေယျာဘုတိုတို့ကလည်း မလွဲအောင် ဓာတ်ပုံတဖျတ်ဖျတ်ရိုက်ကြသည်။
ထိုသို့ဖြင့် ဆန္ဒပြရန်ဆန္ဒရှိကြောင်း ဆန္ဒ ပြကြပြီး အားရကျေနပ်သွားကာမှ သတင်း ယူသောသတင်းသမားများကို နေရပ်ပြန် နိုင်ရန် စီစဉ်ကြလေသည်။

ဤတွင် ရွာရောက်လာသော ဧည့် သည်များကို ဧည့်ဝတ်ကျေနေကျ ခလောက် နီရွာသားတို့၏ ထုံးစံအတိုင်း ရွာထွက် ထန်း သီးသုံးလုံးစီအဝတ်နှင့်စည်း၊ချောင်းထဲ မြောင်း ထဲ လွယ်လွယ်ကူကူ ဖမ်းမိသော ငါးဖမ်းမ တစ်ကောင်စီ ထနောင်းကြိုးနှင့်ချည်။ တစ် ယောက်ကို ကောက်ညှင်းတစ်ပြည်နှုန်း ဖြင့် စီရင်ကာ အားလုံးကိုမြွေခွံအိတ် အလတ် စား နှင့်စုထည့်ပြီး သတင်းသမားများအား လက် ဆောင်အဖြစ် ပေးအပ်လေသည်။
ဤတွင် ဝါရင့်သတင်းသမားကြီးများ ဖြစ်သော ရွှေကြိမ်လုံးအဖွဲ့က မယူ။
"လက်ဆောင်ကိုယူလို့မဖြစ်ဘူးဗျ၊ စတုတ္ထ မဏ္ဍိုင်သိက္ခာကျမယ်၊ဒါကြောင့်မယူပါရစေနဲ့"
ခလောက်နီရွာသားများ အခက်ကြုံ ကုန်၏။
"စေတနာရှိလို့ ပေးတာကို တောင်မယူ၊ တို့ရွာလာလာနေကျ ဦးလူကြီးနဲ့တော့ ကွာပါ့၊ ဟိုလူက ပေးတိုင်းယူတဲ့အပြင် တွေ့ကရာပါ လက်ညှိုးထိုးပြီးတောင်းသေး"
အချို့ကလည်း လက်ဆောင်ပဏ္ဏာမှာ နည်းသေး၍ မယူတာဟု ထင်မှတ်ပြီး မီး နေပြီး ကလေးဆုံး၍ ဝယ်ထားတာသာ အဖတ်တင်နေသော ဒေါ်ဖွားနှစ်၏ ကလေး အနှီးသုံးထည်ကို ထပ်၍ ထည့်ပြန်သည်။

"တကယ်ပြောတာဗျ၊ ကျုပ်တို့က လက်ဆောင်ယူပြီး သတင်းမရေးဘူး"
ဒါကို ခလောက်နီရွာသားများက မည်သို့ မှတ်ယူသည်မသိ။ ကလေးများဆော့ နေရာမှ ကျောက်ဒိုးသုံးလုံး၊ သားရေကွင်း အပင်နှစ် ဆယ်စီ၊ နွားစားကောက်ရိုးတစ် ထုပ် စသည် စသည်တို့ ပေါင်းလတ်သော် အိတ်ဖောင်းသော အနေအထားသို့ ရောက်လေသည်။သတင်းသမားများကလည်း အတန် တန်ငြင်း၏။ သူတို့ငြင်းလေ အိတ်ပိုဖောင်း လေမို့ အားပဲနာကြတာလား၊ အိပ်ဖောင်း၍ စိတ်ပြောင်းသွားသည်လားမသိ။
"ကဲပါလေ၊ ခင်ဗျားတို့ဒီလောက်ပေး ချင်နေမှဖြင့် မငြင်းတော့ပါဘူး၊ အဲ..ဒါပေ မဲ့ လက်ဆောင်ရလို့သတင်းရေးပေးတယ် တော့ အဖြစ်မခံနိုင်၊ အပြောမခံနိုင်ဘူး"
"ဒါဖြင့်"
ရွာသားများနှုတ်မှ တစ်ပြိုင်တည်း ထွက် လာ၏။ ဒါကို ရွှေကြိမ်လုံးက သူ့ဗိုက်ကို သူပွတ်ပြီး
"ခင်ဗျားတို့က ကျုပ်တို့ကို လက်ဆောင် ပေးတာမဟုတ်ဘဲ ကန်တော့လိုက်တယ်ဆိုမှ လက်ခံမယ်"ရွှေကြိမ်လုံးစကားကြောင့် ရွာသားများ ရွစိရွစိဖြစ်ကုန်၏။နောက်ဆုံးတော့ သူတို့အပင်ပန်းခံ ဆန္ဒ ပြထားတာတွေ အဖတ်မတင်မှာစိုး၍ သူကြီး ကိုယ်တိုင် ဦးစီးကာ ဆန္ဒဟူသော စာတမ်း များကို ကိုင်၊ မြေပြင်ပေါ်ဆောင့်ကြောင့် ထိုင်ကာ ဆန္ဒပြသူများက သူတို့ သတင်း ပြည်သူများ အကျယ်တဝင့်သိရှိနိုင် ရန် အတွက် စတုတ္ထမဏ္ဍိုင်ကို ကန်တော့ ခြင်း ဖြင့်သာ နိတ္ထိတံလေတော့သတည်း။
ခလောက်နီကျေးရွာတွင် ဖြစ်ပါသည်။

အကြည်တော်

by Popular Journal on Monday, November 5, 2012

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ