Wednesday, October 31, 2012

အမှားရှာပေးပါ


Kon Zaw konzawoo@gmail.com

ဉာဏ်စမ်းပဟေဠိ ဖြေရတာ ဝါသနာ ပါသူများအတွက် မေးခွန်းတစ်ခု တင်လိုက်ပါတယ် ခင်ဗျား။ ဦးဏှောက်ကျင်း အဲလေ ဦးဏှောက်ဆေး ဖို့ပါ။ အောက်ပါ စိတ်ကူးယဉ် ဇာတ်လမ်းလေးမှာ အချက်အလက် အမှန်တွေရော အမှားတွေရော ရောသမမွှေထားပါတယ်။ မေးခွန်းကတော့ မှားနေတဲ့အချက်လေးတွေကို ရှာပေးဖို့ပါပဲ။ ကဲဘယ်သူ အများဆုံးတွေ့နိုင်မလဲ။

စက်ခေါင်းမောင်း ဦးဘမောင်သည် ပင်စင်ယူရန် ရက်ပိုင်းမျှသာ လိုတော့
သည်။ ဒီတစ်ခေါက် မန္တလေး- ရန်ကုန် အဆန် ခရီးစဉ်သည် သူ့အတွက် ပင်စင်မယူခင် နောက်ဆုံးအနေဖြင့် မောင်းရမည့် ခရီးစဉ်ပင်ဖြစ်သည်။ ယူနီဖေါင်းကို ကျနစွာဝတ်ပြီး လိုင်းခန်းမှ လှမ်းထွက်လိုက်စဉ်တွင် ရုတ်တရက် သူရှေ့မှဖြတ်ပြေးသွားသော တစ်ကိုယ်လုံး နက်မှောင်နေသည့် ကြောင်နက်ကြီး တစ်ကောင်ကို ခလုတ်တိုက်မိမလို ဖြစ်သွားသည်။ သူ ဟန်ချက်ကို ထိမ်းလိုက်ရင်း စိတ်ထဲတွင်လဲ မသက်မသာ ဖြစ်သွားသည်။ ယခုလို ခရီးသွားခါနီး ကြောင်နက် တစ်ကောင်ကို တွေ့ရခြင်းသည် နိမိတ်မကောင်းဟု သူကြားဖူးသည်။ ထို့နောက် ဒါတွေဟာ အယူသီးမူ သက်သက်ပါလေ မေ့လိုက်တာပဲ ကောင်းပါတယ် ဟု တွေးရင်း ခေါင်းကိုခါရမ်းလိုက်ပြီး ဘူတာဘက်ကို ဆက်လျှောက်လာခဲ့လေတော့သည်။
လိုအပ်သော စာရွက်စာတမ်းများကို ယူပြီး အခြားတာဝန်ကျဝန်ထမ်းများနှင့်အတူ ရုံပိုင်ကြီး ရုံးခန်းမှ ပြန်ထွက်လာချိန်မှာတော့ ညနေ ၄နာရီ ထိုးလုပါပြီ။ စကားတပြောပြောနှင့် လျှောက်လာကြရင်း ဂါတ်ဘိုတွဲနား အရောက်တွင် ဦးဘမောင်သည် စာရွက်ကို တစ်ချက်ဖတ်ကြည့်လိုက်သည်။ ခရီးသည် ၅၂၀ယောက် ကုန်ချိန် ၂၀ တန်။ ထို့နောက် လက်ထဲမှ စာရွက်ထပ်ကို လက်မှတ်စစ် မောင်လှကို ကမ်းပေးလိုက်ပြီး သူ့ အလုပ်ခွင်ဖြစ်သော စက်ခေါင်းတွဲ ဘက်ကို ဆက်လျှောက်လာခဲ့ လေတော့သည်။
ညနေ ၅ နာရီ ၁၅မိနစ် တွင် ရထားကြီးသည် မန္တလေး ဘူတာကြီးမှ စတင်ထွက်ခွာလာခဲ့သည်။ ရထားကြီး သည် လွန်ခဲ့သော အနှစ်နှစ်ဆယ်ကအတိုင်း အနည်းငယ်မျှ မပြောင်းလဲပဲ ဆူဆူညံညံနှင့် မှန်မှန်ကြီး ခုတ်မောင်းနေလေသည်။ ဒီတစ်ခေါက်နောက်ဆုံးပဲ ဟူသော အသိဖြင့် ဦးဘမောင်သည် သူကိုင်တွယ် ကြည့်ရူနေကြ စက်ခလုပ်များ ဒိုင်ခွက်များကို အဝတ်စတစ်ခုဖြင့် ပွတ်တိုက် သန့်စင်နေမိသည်။ ကျောက်ဆည်မြို့၊ မြစ်သားမြို့များကို ဖြတ်မောင်းလာသောအခါ ပတ်ဝန်းကျင်မှာ မှောင်စပျိုးပြီဖြစ်၍ မှိတ်တုတ်မှိတ်တုတ် မီးရောင်လေးများကို လှမ်းမြင်လာရသည်။ အမြန်ရထားဖြစ်သောကြောင့် ဘူတာတိုင်းမှာမရပ်ပေ။
သာစည်ဘူတာသို့ မရောက်မှီလမ်းတွင် စာပို့ ရထားတစ်စီးကို အချက်ပြ၍ တစ်ဘက်လမ်းမှနေ ကျော်တက် လာခဲ့လေသည်။ သာစည်ဘူတာတွင် လူ အယောက် ၈၀ ဆင်းသွားပြီး ၃၄ယောက် တက်လာသည်။ ကုန် အတင်အချ မရှိပေ။ သာစည်မှထွက်လာသောအခါ ည ၈နာရီခွဲ ပြီးလေပြီ။ ညနက်လာသည်နှင့်အမျှ စက်ခေါင်းတွဲ၏ ညာဘက်ပြူတင်းပေါက်မှ မြင်နေရသော လကြီးသည် တဖြည်းဖြည်း မြင့်တက်လာနေသည်။ ရထားလမ်းနှင့် ကားလမ်းပြိုင်သော နေရာအရောက်တွင် တဘက်ကားလမ်းပေါ်မှ ပါဂျရို အမျိုးအစား ကားလေးတစ်စီးကို လရောင်အောက်တွင် လှမ်းမြင်နေရသည်။ ကားလေးသည် ပထမတွင် ရထားနှင့် အပြိုင်မောင်းနေရာမှ တဖြည်းဖြည်း အနောက်မှာ ကျန်နေခဲ့သည်။ ရုတ်တရက် လယ်ကွင်းတွေကုန်သွားပြီး တောတန်းလေးတစ်ခု ရိပ်ကနဲ ပေါ်လာကာ အလယ်မှ ခြားသွားသဖြင့် ကားလမ်းမလည်း မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။
ခုနှစ်စဉ်ကြယ်ပြောင် အမြီးထောင်လေပြီ။ ဦးဘမောင်သည် အနှစ်နှစ်ဆယ်မျှ အကျင့်ဖြစ်လာ ခဲ့သည့်အတိုင်း အိပ်ချင်စိတ် မဖြစ်မိပေ။ ခရီးသည် အများစုမှာ အိပ်မောကျနေမည် ဖြစ်သော်လည်း ဦးဘမောင်မှာ စက်ခေါင်းတွဲ အတွင်းမှ စက်ကိရိယာများကို စစ်ဆေးလိုက် ဘေးပတ်ဝန်းကျင်ကို လေ့လာလိုက်နှင့် သူ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေသလို ရထားကြီးသည်လည်း မှန်မှန်ကြီး ခရီးနှင်နေလေသည်။ ညသန်းခေါင်တိုင်လုချိန် ၁၁နာရီ ၂၀မိနစ်တွင် ပျဉ်းမနား ဘူတာကို ရောက်ပါပြီ။ ခရီးသည် ၁၄၈ ဦး ဆင်းသွားပြီး အတက်ခရီးသည် မရှိပေ။ တချို့ခရီးသည်များမှာ ဆက်လက် အိပ်မောကျနေကြသော်လည်း အများစုမှာ ဆူဆူညံညံ အသံများကြောင့် နိုးလာကြသည်။ အချို့လည်း ညလယ်စာအဖြစ် ဘူတာတွင်း စားသောက်ဆိုင်မှ မုန့်ဝယ်စားကြသည်။ အချို့က အညောင်းပြေ အညာပြေ ပလက်ဖေါင်းပေါ် ခေတ္တလမ်း ဆင်းလျှောက် ကြလေသည်။ မကြာမှီပင် ဥသြသံနှင့်အတူ ရထားကြီးသည် ပျဉ်းမနား ဘူတာမှ ဆက်လက် ထွက်ခွာလာပြန်လေသည်။
သန်းခေါင်ကျော်၍ နောက်တစ်နေ့သို့ ကူးလေပြီ။ သာဝတ္ထိ၊ ဆွာ၊ ရေတာရှည် စသည့် ဘူတာငယ်လေးများကို မှောင်မှောင်မဲမဲတွင် ဖြတ်ကျော်လာခဲ့သည်။ တောင်ငူဘူတာတွင်လည်း ခရီးသည် အတက်အဆင်းမရှိသောကြောင့် မရပ်ပဲ ဆက်လက်ခုတ်မောင်းလာခဲ့သည်။ သန်းခေါင်နှင့် လင်းအားကြီး အကြားကာလသည် ည၏ အမှောင်မိုက်ဆုံး အချိန်ပင် ဖြစ်သည်။ သကြားစက်ရှိသော ဇေယျဝတီနှင့် ဖြူးမြို့တို့သည် ညအမှောင်တွင် အိပ်မောကျ ငြိမ်သက်နေကြသည်။ ညောင်လေးပင် ကျော်သောအခါ လင်းအားကြီး အချိန်ရောက်ပေပြီ။ ပြွန်တန်စာ နှင့် ဒိုက်ဦး မြို့ တို့ကို ဖြတ်ကျော်အပြီးတွင် ထွက်ပြူစ နေရောင်နှင့် အတူ ရထားလမ်းတစ်လျှောက် ပတ်ဝန်းကျင်ကို လေ့လာခွင့် ရပြန်ပါပြီ။ ဘူတာများတွင် ယခင်လို ရေအိုးလေးတွေ ရွက်ပြီး “ရေရမယ် ရေအေး”ဟု အော်ရောင်းနေသော “ဘယ်လောက်လဲ” ဟုမေးလျှင် “စေတနာ ရှိသလောက်ပါ” ဟုဖြေတတ်သော ကလေးငယ်လေးများကို မတွေ့ရတာ ကြာလေပြီ။
ဦးဘမောင်သည် သည်လမ်းခရီးကို မျက်စေ့မှိတ်လိုက်လျှင်ပင် မြင်ချင်သည့် နေရာကို ပြန်မြင်နိုင်သည် အထိ ကျွမ်းဝင်ခဲ့ပြီး ဖြစ်သော်လည်း ကြည့်၍ မဝနိုင်သလို ပတ်ဝန်းကျင်ကို ဂရုတစ်စိုက်လေ့လာ မှတ်သားနေမိသည်။ သူ ပင်စင်ယူပြီးလျှင် ဒီခရီးကို တစ်နှစ်နေ၍မှ တစ်ခေါက်ရောက်ပါတော့မလား ဟုတွေးရင်း စိတ်ထဲတွင် ဝမ်းနည်း သလိုပင်ခံစားမိ၏။ ပဲခူးဘူတာကို နံက် ၇ နာရီ ၁၅ တွင် ဆိုက်ရောက်လေသည်။ ပဲခူးတွင် ခရီးသည် ၁၁၉ ဦး ဆင်းသွားပြီး ၁၂ ဦး ပြန်တက်လာခဲ့သည်။
ပဲခူးမှ ထွက်သောအခါ ပတ်ဝန်းကျင်တွင် လူနေ အိမ်ခြေများနှင့် ရွာလေးများ ပိုစိပ်လာ၏။ တချို့က ရထားလမ်း အနီးမှာ တစ်ချို့က အဝေးမှာ။ တချို့ရွာများတွင် ဘူတာလေးတွေရှိ၏။ ရွာများအကြားတွင် လယ်ကွင်းများကို တွေ့ရ၏။ တောတန်း ကုန်းမြင့်များ ပါးသွားပြီး ညီညာသော လွင်ပြင်များအဖြစ် တပြန့်တပြူး မြင်နေရ၏။ တခါတရံ ချောင်းကူးတံတားလေးများကို ဖြတ်ရ၏။ ရထားကြီးသည် တဖြည်းဖြည်း ခရီးစဉ်၏အဆုံး ဖြစ်သော ရန်ကုန်မြို့နှင့် နီးလာသလို ဦးဘမောင်သည်လည်း မီးရထားဝန်ထမ်းဘဝ၏ နောက်ဆုံးနေ့ရက်နှင့် တဖြည်းဖြည်း နီးလာပြီဖြစ်သည်။ ဦးဘမောင်သည် မဆီမဆိုင် ရုတ်တရက် အိမ်မှအထွက်တွင် တွေ့ခဲ့သော ကြောင်နက်ကြီးကို သတိရမိလေသည်။
ထိုအချိန်တွင် ရုတ်တရက် မထင်မှတ်ထားသော အခြင်းအရာ တစ်ခု ဖြစ်လေတော့၏။ ဝုန်းကနဲ အသံကြီးနှင့် အတူ၊ စက်ခေါင်းတွဲတစ်ခုလုံးတုန်ခါသွား၏။ စက်ခေါင်းတွဲ မှန်ပြူတင်းပေါက်များ ကွဲထွက်ကုန်ပြီး အင်ဂျင်ကြီးတွင်လည်း မီးတောက်ကြီးတစ်ခု ရုတ်တရက်ပေါ်လာ၏။ ရထားတစ်စင်းလုံးလဲ တုန်ခါပြီး တွန့်ဆုတ်သွားကာ အရှိန်လျှောကျသွားသည်။ ခရီးသည်များ၏ ကြောက်လန့်တကြား အော်ဟစ်ငိုကြွေးသံများ တွဲတိုင်းတွင် ဆူညံသွားသည်။ အထုပ်အပိုးများ တင်ထားသည့် ဆင့်ကလေးများမှ အထုပ်များသည်လည်း ဝရုန်းသုန်းကား ဖြင့် နောက်ကို အရှိန်နှင့် လွင့်ပါကုန်ကြသည်။ ခရီးသည် အားလုံးတို့မှာ ဘာဖြစ်မှန်းမသိပဲ တုန်လှူပ်စွာဖြင့် ကုလားထိုင်၊ ပြူတင်းပေါက်ဘောင် စသည်တို့ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားကြ၏။ သားသမီးပါသူ မိဘတို့မှာလည်း မိမိတို့၏ သားသမီးတို့ကို တင်းကြပ်စွာပွေ့ထားကြ၏။ လက်ဆွဲအိပ်ကို ကျစ်ကျစ်ပါအောင် ဆုပ်သူက ဆုပ်ထားကြ၏။
ရထားကြီးက အရှိန်လျှော့ကျလာသော်လည်း သံလမ်းပေါ်တွင် ဆက်လက်ရွေ့လျှား နေဆဲ ဖြစ်သည်။ သတ္တိရှိသူ များက ပြူတင်းပေါက်မှ ကိုယ်ကို ကိုင်း၍ထွက်ကြည့်ကြပြီး ခေါင်းတွဲဘက်တွင် မီးလောင်နေကြောင်း ပြောကြ၏။ မိုင်းထိသည်ဟု ထင်သူလည်းထင်ကြ၏။ စက်ခေါင်း အင်ဂျင်ပေါက်ကွဲတာဟု ထင်သူလည်း ထင်ကြ၏။ တဖြည်းဖြည်းနှင့် ရထား အရှိန်နှေးသည်ထက်နှေးလာရာ အချို့လည်း ပြူတင်းပေါက်မှ အပြင်သို့ ခုန်ချကြလေသည်။ အမျိုးသမီးများ နှင့် အသက်ကြီးသူများ မှာမခုန်ချဝံ့ပဲ ငိုသူကငိုကြလေသည်။ ကလေးငယ်များမှာလည်း ဆူညံစွာငိုကြွေးကြ၏။ မကြာခင် ရထားကြီး ရပ်သွားလေတော့သည်။ ထိုအခါ ခရီးသည် အကုန်လုံး လိုလို ရထားပေါ်မှ အလုအယက်ဆင်းကာ လမ်းဘေး လယ်ကွင်းတွေထဲအထိ ထွက်ပြေးကြလေ၏။ ရှေ့ပိုင်းမှ လူအချို့က စက်ခေါင်းတွဲ နားသို့မဝံ့မရဲနှင့် သွားကြည့်ကြရာ စက်ခေါင်းတွဲ အလယ်ပိုင်း အင်ဂျင်ခန်း အပေါ်ဘက် ခေါင်မိုးဇောင်းတွင်မီးခိုး တလူလူထွက်နေသော အပေါက်ကြီး တစ်ပေါက်ကို တွေ့ရလေသည်။ ထိုအချိန် နောက်ပိုင်း ဂါတ်ဘိုတွဲမှ တာဝန်ရှိသူများ အပြေးအလွှား ရောက်လာပြီး ခရီးသည်များကို နောက်ဆုတ် ပေးရန် တောင်းပန်ရလေသည်။
မကြာမှီပင် ခေါင်းတွဲအနီးသို့ လူများ ဝိုင်းအုံလာပြီး ပါလာသော ဖုန်း၊ ကင်မရာတို့ကို ထုတ်၍ ဓါတ်ပုံရိုက်သူက ရိုက်ကြလေသည်။ ဝန်ထမ်းများကလည်း မရိုက်ရန်တားကြလေ၏။ တစ်ယောက်တစ်ပေါက် ထင်ကြေးများလည်း ပေးကြ လေတော့သည်။ မိုင်းထိတာ မဖြစ်နိုင်ကြောင်း၊ အင်ဂျင်ပေါက်ကွဲတာဖြစ်ကြောင်း၊ ပြုပြင်ထိမ်းသိမ်းမှူညံ့၍ ဖြစ်ကြောင်း စသည်ဖြင့် အခြားမကျေနပ်ချက်များကိုပါရော၍ မီးရထားဝန်ထမ်းများအား ပြစ်တင် ပြောဆိုကြလေ၏။ ထိုအချိန်တွင် ခရီးသည် တစ်ဦးက အပေါက်ကြီးကို သေသေချာချာလေ့လာရင်း အင်ဂျင်ပေါက်တာလည်း မဖြစ်နိုင်ကြောင်း နှင့် လေယာဉ်ပေါ်မှ သေနပ်အကြီးစားနှင့် ပစ်သွားတာသာ ဖြစ်နိုင်ကြောင်းပြော ဆိုလေ၏။ ထိုအခါ ဘေးမှလူများလည်းထိုသူကို ဝိုင်းရယ်ကြလေသည်။ ခရီးသည် အများစုမှာ စိတ်ညစ်ရသည့် အထဲ ထိုလူ၏ ထင်ကြေးကြောင့် ပြုံးရလေသောကြောင့် မအီမလည်မျက်နှာများ ဖြစ်ကုန်ကြလေသည်။ သို့သော် အချို့ကမူ လေယာဉ်သံ သေနပ်သံတို့ မကြားရပေမယ့် ခေါင်မိုးဇောင်းမှ အပေါက်ကြီး အနေအထားအရ ထိုသူပြောတာ ဖြစ်ရင်လည်း ဖြစ်နိုင်ကြောင်း ထောက်ခံကြလေသည်။
တဖြည်းဖြည်း နေမြင့်လာလေပြီ။ ပတ်ဝန်းကျင်ရွာများမှလူများမှာလည်း သတင်းကြားပြီး ရထားရှိရာသို့ လာကြည့်ကြရာ ပွဲတော်ကဲ့သို့ ဖြစ်နေလေသည်။ ရထားကား မောင်း၍ မရတော့လေပြီ။ တာဝန်ရှိသူများမှ ခရီးသည်များ ရန်ကုန်သို့ ဆက်သွားနိုင်ရန် စီစဉ်ရလေသည်။ ကံကောင်းသည်မှာ ရန်ကုန်-မန္တလေး ကားလမ်းနှင့် သိပ်မဝေးသဖြင့် ခရီးသည်များကို စာရင်းကောက်ပြီး ကားများကိုတား၍ ရန်ကုန်သို့ ဆက်သွားနိုင်ရန် ကူညီ ပေးရလေသည်။ ခရီးသည်များမှာ ပိုက်ဆံလည်း ထပ်ကုန် ခရီးလည်း ကြန့်ကြာသဖြင့် စိတ်ညစ်ကုန်ကြသည်။ သို့သော် မည်သည့် ခရီးသည်မှ ထိခိုက်ဒဏ်ရာမရသည့် အတွက် တာဝန်ရှိသူများမှာ စိတ်သက်သာရာရကြသည်။
နေညိုသောအခါ အရှေ့ဘက်ရှိ ပဲခူးရိုးမ အရိပ်ကြောင့် အအေးဓါတ်ပိုလာလေသည်။ ရထားပေါ်မှ ခရီးသည် အားလုံးလည်း အလျှိုအလျှို ကြုံရာကားများနှင့် လိုက်ပါသွားကြ ပြီဖြစ်၍ ရထားနားတွင် တာဝန်ရှိသူများနှင့် ရွာနီးချူပ်စပ်မှ စပ်စုတတ်သူတချို့သာ မလှမ်းမကမ်းမှနေ ယောင်လည်လည်လုပ်ရင်း ကျန်ရစ်တော့သည်။ နောက်တစ်နေ့ သတင်းစာ၊ ဂျာနယ်များထဲတွင် ထိုသတင်းသည် အထူး သတင်းအဖြစ် ၆လိုင်း စာလုံးမည်းကြီးများဖြင့် ပါလာလေတော့သည်။ ဟန်းဖုန်းနှင့် ဒစ်ဂျစ်တယ် ကင်မရာများ ကျေးဇူးကြောင့် ဓါတ်ပုံများလည်း ဖေါ်ပြနိုင်ကြလေသည်။ ခရီးသည် ၂၃၀ ယောက်နှင့် ရထားပေါ်မှဝန်ထမ်း များမှာ တစ်ဦးမှထိခိုက်ဒဏ်ရာ မရကြသော်လည်း စက်ခေါင်းမောင်းသူ ဦးဘမောင်မှာမူ အခင်းဖြစ်ပွားချိန်တွင်ပင် ရထားခေါင်းတွဲထဲမှာ သေဆုံးသွားကြောင်း၊ ဘာကြောင့် မီးလောင် ပေါက်ကွဲမူ ဖြစ်ရသည်ကိုမူ စုံစမ်းနေဆဲ ဖြစ်ကြောင်း ဖေါ်ပြပါရှိလေသည်။ လူအများမှာလည်း စိတ်ဝင်တစားနှင့် သတင်းကို နားစွင့်နေကြလေသည်။
မကြာမှီမှာပင် စုံစမ်းစစ်ဆေး ရေးအဖွဲ့၏ အစီရင်ခံစာ ပေါ်ထွက်လာပြီး လူအများ အဖြစ်မှန်ကို သိကြရလေတော့သည်။ အဖြစ်မှန်ကား ထူခြားတိုက်ဆိုင်စွာပင် ကောင်းကင်မှ ဥက္ကာခဲတစ်ခု ကျလာရာတွင် ဖြစ်တောင့်ဖြစ်ခဲဆိုသလို ခုတ်မောင်းနေသော ရထား၏ စက်ခေါင်းပေါ်ကိုမှ တိုက်ရိုက်ထိမှန်ရခြင်းဖြစ်၏။ အင်ဂျင်တုံးကိုပါ ဖေါက်ဝင်နေသော ဥက္ကာခဲအစများကိုလဲ တွေ့ကြရလေသည်။ ကံဆိုးလှသော ဦးဘမောင်ကား ပင်စင်မယူခင် သူချစ်သော လုပ်ငန်းခွင်၌ပင် အသက်ဆုံးရ လေတော့သည်။ လက်မှတ်စစ် မောင်လှကား ကြောင်နက်ကြီးကို မြင်တိုင်း သူ့ဆရာ ဦးဘမောင်ကို သတိရနေလေတော့သတည်း။

_______
ကွန်းဇော်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ