Monday, January 2, 2012

သမီးဘောင်းဘီ ဆရာကြီး ခိုးသွားတယ် ဇော်ကြီး (ပေါက်တော ၊

by Ko Thaung on Sunday, January 1, 2012 at 11:06pm

လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်လောက်က “အားနွဲ့တဲ့ မိန်းမသားပါရှင့် ... ဒီလောက် ဓားတွေ လှံတွေ ကိုင်ပြီး မခြိမ်းခြောက်ပါနဲ့” လို့ တောင်းပန်နေတဲ့ အမေ့ရဲ့စကားကို ဓားပြတွေ ကြားတော့ “ဒီလိုဆို ဒေါ်ကြီးမှာ ရှိတဲ့ ပစ္စည်းတွေ အကုန်ပေး” လို့ ဓားပြဗိုလ်ကြီးက ပြောတယ်။ ဓားပြဗိုလ်ကြီးရဲ့စကားကြောင့် လူမသေရင် ငွေရှာလို့ ရတယ်။ ဥစ္စာပစ္စည်းဆိုတာ တခါတရံ အသက်ကိုပါ အန္တရာယ်ပြုတတ်တယ်ဆိုတာကို အမေ နားလည်လို့လား မသိ၊ အိမ်မှာရှိတဲ့ ရွှေ၊ ငွေ ပစ္စည်းတွေ တခုမကျန် အကုန်ပေးလိုက်တာကို တကျော့ပြန် သတိရမိတယ်။


အင်း ... ပြောရမှာတော့ ခက်ခက်ပဲ ရှင်းမနေချင်တော့ပါဘူး၊ ကြည့်တတ်ရင် မြင်မှာပါ။ ၀ါးလုံးရှည်နဲ့ မရမ်းဖို့လည်း စိတ်မှာ တွေးမိတယ်။

ဒီနှစ် နှစ်ကုန်ပိုင်းလောက်ကပေါ့။ ကျမတို့ ညီမနှစ်ယောက် ညနေစာအတွက် တို့စရာလေး ဘာလေး ရှာမယ်လို့ တောင်ပေါ်တက်သွားကြပြီး တောင်ယာက အပြန်မှာ အနောက်က လူသံကြားတယ်ဆိုပြီး လှည့်ကြည့်လိုက်တော့ ကတက်ဥတွေ တူးနေတဲ့ အသက် ၆၀ ကျော် အိမ်နားက အမိုး အားမူ။ အမိုးက အသက်ကြီးပေမယ့် ငြိမ်ငြိမ်နေတယ်လို့ မရှိဘူး။ တောင်ပေါ်တက်မယ်။ တို့စရာလေးတွေ ရှာမယ်။ အိမ်ပြန်ရောက်ရင် ငပိရည်ကျိုမယ်။ သူ့မြေးလေးတွေကို တို့စရာလေးတွေနဲ့ ငပိရည်ကျိုနဲ့ ထမင်းကျွေးမယ်။ ဒါက သူ့ရဲ့ နိစ္စဓူဝအလုပ်ပေါ့။

အသက်ကြီးတဲ့သူတွေက အဲဒီလိုလုပ်နေရတာကို သူတို့ဘ၀ သူတို့ ကျေနပ်နေကြတယ်။ မြို့ကြီးတွေမှာဆိုလည်း ဒီအတိုင်းပဲလေ။ အသက်ကြီးလာတဲ့ ဘိုးအေ၊ ဘွားအေတွေက မြေးလေးတွေ ချီကာ တတော့တော့ လုပ်နေကြတာတွေလည်း ရှုချင်စရာလေးတွေပေါ့။ ကျမတို့ အသက်အရွယ်တွေ ရလာပြီဆိုရင်လည်း ဒီအတိုင်းပဲနေမယ်။ သို့အတူ ရွာက အမိုး အားမူလည်း ဒီအတိုင်းပဲပေါ့။

“အမယ်လေး ... လန့်လိုက်တာ၊ ဟင် နင်တို့ ဘယ်က လာကြတာလဲ” ဆိုတဲ့ စကားကြောင့် ကျမတို့ လှမ်းကြည့်မိလိုက်တယ်။ ဒီအတွေ့အကြုံက အမိုးအတွက်က ရိုးနေပေမယ့် ကျမတို့အတွက်ကျတော့ ဆန်းလည်းဆန်း လန့်ဖြတ်တာတွေလည်း ဖြစ်လာပါတော့တယ်။ ပြေးစရာလမ်း ရွေးနေရပြီလေ။ “ဟာ ... ပယော် (မြန်မာစစ်သား) တွေပါလား။ ဟောဟိုမှာ စစ်ဗိုလ်ကြီးလည်း ပါတာပဲ။ စစ်တပ်က ဗိုလ်ကြီးဆိုတော့ သဘောထားကောင်းတာပေါ့၊ ဗိုလ်ကြီး နင် ဘယ်ကလာလဲ” အမိုးရဲ့ သံရေးတမန်ရေးစကားက စစ်ဗိုလ်ကြီးအဖို့ တော်တော့်ကို နားဝင်ချိုသွားတယ်ထင်တယ်။ “ဟာ ... အမိုးကလည်း မြှောက်နေပြန်ပြီ၊ ကျနော် အမြှောက်မကြိုက်ဘူး အမိုး၊ ဆနိုင်ဘာပဲကြိုက်တာ” လို့ စစ်တပ်က ဗိုလ်ကြီးက နောက်သလိုလိုနဲ့ အမိုးကို ပြန်ဖြေရင်း ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေကြတဲ့ ကျမတို့ နှစ်ယောက်ကလည်း အမိုးကိုပဲ အားကိုးတကြီး အပြေးအလွှား လာဖက်ထားကြတော့တယ်။

အမိုးက ဆိုသည်မှာတော့ “ငါရှိတယ် မုကနော် မကြောက်နဲ့၊ ဒီနေ့ခေတ်ကြီးမှာ လူအခွင့်အရေးတွေ အမျိုးသမီးအခွင့်အရေးတွေ တပုံကြီး၊ သူတို့ ငါတို့ကို ဗလက္ကာယ ပြုကျင့်ချင်တိုင်း ပြုကျင့်လို့မရဘူး၊ တကယ်လို့ ဒီလိုသာလုပ်လာခဲ့မယ် ဆိုလို့ရှိရင် တိုင်လို့ရတဲ့အဖွဲ့တွေ ရှိတယ်” လို့ အမိုးက ခွန်အားမျှပေးတဲ့အတွက် ကျမတို့ ကြောက်စိတ် အနည်းငယ် လျော့သွားကြပါတယ်။ အမှန်တော့ အမိုးက ကျမတို့ ကြောက်စိတ်ကို ထိန်းပေးတာပဲ ရှိပါတယ်။ ဟိုက စားမလို ၀ါးမလို ကြည့်နေတဲ့ ဗိုလ်ကြီးရဲ့ အကြည့်ကို မကြောက်ဖို့ပါပဲ။ လက်နက်အားကိုးနဲ့ စစ်မြေပြင်မှာ တစုံတခု လုပ်သွားရင်တော့ ဘာမှ မတတ်နိုင်။ ဒီလိုလုပ်လာတာတွေလည်း နေရာအနှံ့ဖြစ်နေတော့ ဆူးနဲ့ဖက်ကိုပဲ ဥပမာပြုကာ ရေတိမ်နစ်ရတဲ့ ကျမတို့ တောသူတောင်သား ဘ၀လေးတွေကို တွေးရင်း “အမိုး … ပြန်တော့မယ်လေ အိမ်မှာ လျှော်စရာတွေ တပုံကြီး ကျန်သေးတယ်။ မိုးမချုပ်ခင် အိမ်အလုပ်တွေပြီးမှ ဖယောင်းတိုင်ကုန် သက်သာမယ်လေ အမိုး” ဟု ကျမက စ ကာ စကားဆိုလိုက်သည်။ အမိုးကို လက်တို့ခေါ်နေလေတော့ အမိုးလည်း “သွားတော့မယ်နော် ဗိုလ်ကြီး၊ နင် အလုပ်အားရင် အိမ်ကို လာလည်” လို့တောင် အမိုးက ဧည့်ဝတ်ကျေနေသေးတယ်။ ကျမကတော့ အဲဒီလူကို မြင်ရတာ ကြက်သီးတွေတောင် ထလာနေပြီ။

“အမိုး အမိုး ဟိုမှာ ဖတီး ကချင်မဟုတ်လား သူ ဘယ်သွားလဲမသိ” ဟု ကျမက မေးလိုက်တော့ ဖတီး ကချင်က “ရွာမှာ အစိုးရစစ်တပ် ရောက်နေတယ်။ လူတွေအကုန်လုံး စာသင်ကျောင်းရှေ့ ဘောလုံးကွင်းမှာ လာရောက် စုရမယ်။ အိမ်ပေါ်မှာ ဘယ်သူမှ နေလို့မရဘူး ကြားလား” လို့ ပြောတဲ့အတွက် ကျမတို့လည်း စာသင်ကျောင်းရှေ့ ဘောလုံးကွင်းကို သွားကြရပါတော့တယ်။ အစိုးရစစ်တပ် ရွာကိုလာတော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆေးဝါးတွေ ဝေမယ်လို့ ကျမ ထင်ခဲ့တာ။ နောက်ကျတော့ ဘယ်ဟုတ်မလဲ။ ရွာသားတွေ အကုန်လုံး စာသင်ကျောင်းရှေ့ ဘောလုံးကွင်းထဲမှာ စုထားပြီး အနောက်ကနေ စစ်သားတွေက တအိမ်ဝင် တအိမ်ထွက် ပစ္စည်းတွေ ရှာကြတယ်။ ဆန်တွေ၊ ဆီတွေ၊ ကြက်သွန်၊ အချိုမှုန့်၊ ဆားပါမကျန် ယူကြတယ်။ နောက်ပြီး အကျီင်္တွေ ယူတယ်။ ထမီတွေ၊ အတွင်းခံဘောင်းဘီတွေ၊ ဖိနပ်တွေ ဘာတခုမှမကျန် ယူကြပြီးတော့မှ အားလုံး အိုကေပြီဆိုတာနဲ့ စစ်ဗိုလ်ကြီးက စာသင်ကျောင်းရှေ့ ဘောလုံးကွင်း မြက်ခင်းပေါ်ကနေ “မနက်ဖန် လပြည့်နေ့ဖြစ်တယ်။ အဲဒီအတွက် ဘုန်းကြီးကျောင်းမှာ ငါတို့ ကထိန်ကပ်မယ်။ မင်းတို့ရွာသားတွေ တအိမ်ထောင် ဆွမ်းတအုပ် လာပို့ရမယ်” လို့ အမိန်ချပြီးတော့ ရွာသားတွေကို ပြန်လွှတ်လိုက်တယ်။

မိုးချုပ်သွားပြီဆိုတော့ ကျမတို့လည်း အိမ်ပြန်သွားကြတော့ အိမ်တိုင်းလိုလိုက သေပါပြီကွာ။ ဘာမှ မကျန်တော့ဘူး။ ငါတို့ မနက်ဖန် ဘာဆန်နဲ့ ဆွမ်းချက်မလဲ။ ဘာဆီတွေ ဆားတွေ အချိုမှုန့်တွေနဲ့ ဟင်းချက်မလဲ။ အ၀တ်အစားဆိုလို့ ယာကည အင်္ကျီ (မြက်သတ်ဆေး ဖျန်းရာတွင် ၀တ်သည့် အင်္ကျီ) အစုတ်တထည်တည်း ကျန်ပြီ ဆိုတဲ့ အသံတွေ။ ဒီမှာ ဥနေတဲ့ ကြက်မကြီးလည်း မရှိတော့ဘူး၊ ကြက်ဥလည်း မတွေ့တော့ဘူး။ ဖရုံသီးလည်း ကုန်ပြီ ... စတဲ့ အသံတွေဖြင့် တရွာလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့ ကျမလည်း စိတ်မကောင်းဖြစ်ကာ မျက်ရည်ကျမိတယ်။ လွမ်းစရာရှိတာကို နာစရာနဲ့ ဖြေသိမ့်ရမယ် ဆိုတဲ့ စကားအတိုင်း သောကတွေကို လျှော့ချလိုက်ပါတော့တယ်။

သူတောင်းစား ခွက်ပျောက်တာနဲ့ ဦးနာအောက် လှေနစ်တာ အတူတူပါပဲလား။ ငါ့ထက် အဆပေါင်းများစွာ ပါသွားတဲ့ လူတွေလည်း ရှိမယ်။ ငါ့လောက် မပါတဲ့ လူတွေလည်း ရှိမယ်။ အခိုးခံရတဲ့အရာချင်း အတူတူပါ။ သူ့ဟာ နည်းတယ်။ ငါ့ဟာ များတယ်လို့တော့ မပြောချင်တော့ဘူးလေ။ တညလုံးလည်း အိပ်မရ။ စစ်ဖိနပ်သံတွေကလည်း ခြံနားကို လာကပ်လိုက် စကားတွေ ပြောလိုက်၊ ငါတို့ ချောင်းစပ်မှာ တွေ့ခဲ့တဲ့ ကောင်မလေးက ဒီအိမ်ကပဲ ဆိုတဲ့ စကားကို ကျမ ကြားလိုက်တာနဲ့ ကြက်သီးတွေ ထောင်းခနဲ ထသွားတယ်။ အိပ်လို့ မပျော်တဲ့ ညတွေက ညတာရှည်တယ်။ အကြောက်တရားက ပိုသထက်ပိုလာတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကြိုးစားအိပ်မယ်လို့ တွေးလေ ပိုဆိုးလေ၊ တစ်၊ နှစ်၊ သုံးကနေ တရာအထိ ရေတွက်ရင် အိပ်ပျော်သွားမလားပေါ့၊ ကြိုးစား ရေတွက်ကြည့်တယ် ဖြစ်မလာဘူး။ ချွေးအိုင်ကြီးပေါ်မှာ တကိုယ်လုံး လူးလဲနေသလိုပါပဲ။ နောက်ကျတော့ ဘယ်လို အိပ်ပျော်သွားမှန်းမသိ အိမ်ရာက နိုးလာတဲ့အချိန်မှာတော့ တရွာလုံး တိတ်ဆိတ်ငြိမ်သက်လျက်။ လမ်းပေါ်မှာ စစ်သားတယောက် လဲကျ သေနေတာပဲ တွေ့ရတယ်။ ညီမလေး ဟိုလူဘာဖြစ်တာလဲ၊ သေနတ်လည်း ပါတယ်။ သူ့လူတွေ သွားမယူကြဘူးလား ... စတဲ့ အနိဌာရုံကြီးအကြောင်း မေးနေမိတယ်။

“အစ်မကလည်း ဘယ်သူသွားဆွဲရဲမှာလဲ ဟိုး … တောင်ပေါ်ကနေ ဆနိုင်ဘာနဲ့ လှမ်းပစ်တာ၊ တချက်ပဲ အစ်မ။ လူက တုတ်တုတ်မျှ မလုပ်ဘူး၊ ပွဲပြီးသွားတယ်။ သူ့လူတွေလည်း ဟိုနောက်က တောထဲမှာနေရာ ယူထားကြတယ်။ ဒီနေ့တော့ တိုက်ပွဲဖြစ်မယ်ထင်တယ်။ ဟို ဗိုလ်ကြီးကတော့ အမိုးတို့ ဗုံးခိုကျင်းထဲမှာ ကလေးတွေနဲ့အတူ ၀င်ပုန်းနေတယ်။ သူ့ရဲဘော်တွေကျတော့ တောထဲက နေရာ ယူခိုင်းထားတယ်။ အစ်မ အိပ်ရေးပျက်နေတယ် ဆိုတာကို သိလို့ ညီမလည်း မနှိုးဘဲထားတာ။ အစ်မ မျက်နှာသစ် ထမင်းစားပြီးရင် ဖတီး တောနော်ဖောတို့ ဗုံးခိုကျင်းကို ပြေးရအောင်။ တိုက်ပွဲဖြစ်မှာ သေချာတယ် အစ်မ” ဆိုတဲ့စကားကြောင့် “ဒါဆို ညီမလေး ထမင်းအိုးတွေ ယူပြီး ဗုံးခိုကျင်းနား ပြေးကြမယ်” ကျမတို့ ညီမနှစ်ယေက် အပြေးအလွှား သွားကြတော့ ဖတီး တောနော်ဖောက လာလာ ဒေးမူ ဒီမှာ ထမင်းစား ပြီးမှ ကျင်းထဲဝင်ကြဆိုတဲ့ ဖတီး တောနော်ရဲ့ စကားကြောင့် စိုးရိမ်စိတ်လေးကို ထိန်းချုပ်နိုင်လိုက်တယ်။

ထိုနေ့ မွန်းလွဲတနာရီလောက်ကတည်းက ညနေ ခြောက်နာရီခန့်အထိ တဘက်နဲ့တဘက် အပြန်အလှန် ပစ်သံတွေ လက်နက်ကြီးအသံတွေ၊ လက်နက်ငယ်အသံတွေ၊ မိုင်းကွဲသံတွေ ဆူညံနေတာပါပဲ။ ပုထုစဉ် လူသားတိုင်းဟာ မိမိတို့ အသက်အန္တရာယ်နဲ့ဆက်စပ်ပြီး ဖြစ်လာကြတဲ့အခါမှာ သေမင်းကို ရင်ဆိုင်ရမှာ အလွန်ကြောက်ကြတယ်။ ထိုနည်းတူ စစ်တပ်အရာရှိကြီး၊ အမြှောက်မကြိုက် ဆနိုင်ဘာမှ ကြိုက်တဲ့ စစ်ဗိုလ်ကြီးလည်း ကျမတို့နဲ့ မလှမ်းမကမ်း ဗုံးခိုကျင်းမှာ ဖိုးခွားငယ်များနဲ့အတူ ပြားပြားဝပ်နေလေတယ်။

အကြောက်တရားရဲ့ လွှမ်းမိုးမှုက အစစအရာရာကို မေ့မောနေတတ်တယ်ဆိုတာ ဖြစ်နိုင်တယ်။ ကျမရဲ့ကြောက်စိတ်ကြောင့် ကျမ ဘာကိုမှ မမှတ်မိခဲ့တဲ့ အချိန်တွေ ကြုံဖူးတယ်။ ထို့အတူ အစိုးရတပ်က စစ်ဗိုလ်ကြီးလည်း ဤသို့နှယ် ရှိလိမ့်မယ် ဆိုတာကို ကျမ သတိထားမိတယ်။

မုန်တိုင်းဘယ်လောက်ပြင်းပြင်း လေပြေလာတတ်စမြဲပေမို့ စစ်ရဲ့အနိဌာရုံတွေကြောင့် ဒေသခံလူထုအတွက် လွန်စွာအကျပ်အတည်း ခံရတာကို မြင်တွေကြတဲ့ နိုင်ငံခေါင်းဆောင်တွေနဲ့ အတိုက်အခံ လက်နက်ကိုင် ခေါင်းဆောင်များဟာ အပစ်အခတ် ရပ်စဲရန်အတွက် သဘောတူစာချုပ်တွေ ချုပ်ဆိုပြီးချိန်ဝယ် ရန်သူ မိတ်ဆွေ မခွဲခြားဘဲ တဦးအပေါ်တဦး လေးစားတန်ဖိုးထားစွာနဲ့ နှစ်ဘက်စလုံးမှ လက်နက်ကိုင်တပ်သားတွေ ချစ်ချစ်ခင်ခင်နဲ့ ချစ်ကြည်ရေးအားကစားတွေ လုပ်လာကြပါတော့တယ်။

အားကစားဆိုလို့ ရွာမှာလုပ်တဲ့ အားကစားအကြောင်း ပြောမယ်ဆိုရင် ကျမတို့ အိမ်ရှေ့က မြေကွက်လပ်လေး မပါမဖြစ်ဘူး။ ကာလသားတွေက ကျမတို့ အိမ်ရှေ့မှာ ခြင်းလုံးကွင်းလေး လုပ်ထားကြတော့ ၀ိုင်းခြင်း၊ ပိုက်ကျော်ခြင်းပွဲတွေက နေ့စဉ် ညနေတိုင်းလိုလို ဖြစ်နေတယ်။ အိမ်ရဲ့အရှေ့တည့်တည့်မှာ အားကစားကွင်းလေး ရှိနေတော့ ကျမလည်း အားကစားကို ယောင်္ကျားတွေနဲ့ တန်းတူ ရင်ပေါင်တန်း မလုပ်နိုင်ပေမယ့် ကျန်းမာရေးအတွက်တော့ နေ့တိုင်းလိုလို ကြိုးခုန်တယ်၊ ထိုင်ထလုပ်တယ် စသည်ဖြင့်ပေါ့။ ကိုယ်လက်ကြံ့ခိုင်မှုတွေ လုပ်လေ့ရှိတယ်။ တနေ့ ကိုယ်လက်ကြံ့ခိုင် လုပ်နေရုံပဲ ရှိသေးတယ်၊ ကျမညီမလေး အသာလေးလက်တို့ပြီး ကျမကို ခေါ်တယ်။ အစ်မ ဟိုလူကြီးကို သိလား ဆိုတော့ ကျမက သေသေချာချာ ကြည့်လိုက်ပြီး ပြန်ဖြေလိုက်တယ်။ သိတယ် ညီမလေး၊ သူက အစိုးစစ်ရတပ်က တပ်ကြပ်ကြီးလေ ဘာဖြစ်လို့လဲ ညီမလေးလို့ မေးလိုက်တော့ သူပြုံးနေတယ်။ အစ်မ သူ့ကို သေသေချာချာကြည့်၊ ခေါင်းကနေ ခြေအဆုံးထိ ကြည့်လို့ပြောတော့ ထူထူးဆန်းဆန်းလေးတခုတော့ စစ်တပ်က ဆရာကြီးမှာ ရှိကိုရှိလိမ့်မယ်လို့ အကြံရပြီး သေသေချာချာ စိုက်ကြည့်လိုက်မှ အော် ... ငါတို့ ဟိုတလောက မလျှော်ဘဲ အိမ်မှာ ကျန်နေခဲ့တဲ့ အတွင်းခံဘောင်းဘီကို ဒီဆရာကြီး လျှော်ဝတ်နေတာကိုး။
ကျန်းမာကြပါစေ ...
ဇော်ကြီး (ပေါက်တော)
Posted by ဒေါက်တာလွဏ်းဆွေ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ