Wednesday, November 23, 2011

ခေတ်ရေစီးကြောင်းထဲက စာမဖတ်တဲ့ မြန်မာ့ယဉ်ကျေးမှု

E-mail Print PDF


"စာအုပ်စာပေ လူ့မိတ်ဆွေ" ဆိုသော စကားသည် မြန်မာလူမျိုးတို့၏ ဆိုရိုးစကား တခုဖြစ်ပါတယ်။ မြန်မာလူမျိုးတို့ စာပေယဉ်ကျေးမှုကို အဘယ်မျှထိ တန်ဖိုးထား မြတ်နိုးတာကို ထင်ဟတ်နေတဲ့ ဆိုရိုး စကားပုံတခု ဖြစ်ပေတယ်။

ရှေးဟောင်း စာကြည့်တိုက်
ကမ္ဘာ့ပထမဦးဆုံးနှင့် အကြီးဆုံးစာကြည့်တိုက်က အီဂျစ်နိုင်ငံမှာ တည်ရှိတဲ့ အလက်ဇန္ဒီးရီးယား စာကြည့်တိုက် ဖြစ်ပါတယ်။ သမိုင်းအထောက်အထားတွေအရဆိုရင် ကမ္ဘာတ၀ှမ်းက ပညာရှင်တွေ လာရောက် လေ့လာဆည်းပူးခဲ့ရတဲ့ စာကြည့်တိုက်တခုပါ။
အလက်ဇန္ဒီးရီးယား စာကြည့်တိုက်က ဘီစီ ၂၈၃ ကနေ အီဂျစ်နိုင်ငံကို ရောမတွေ သိမ်းပိုက်တဲ့ ဘီစီ ၃၀ အထိ တည်တံ့ခဲ့တဲ့ စာကြည့်တိုက်ဖြစ်ပါတယ်။
ဒီနာမည်ကျော် စာကြည့်တိုက်ကြီးရဲ့ စာကြည့်တိုက်မှုး၊ စာကြည့်တိုက်ရဲ့ အယ်ဒီတာ တာဝန်ထမ်းဆောင်ခဲ့သူတွေကလည်း ကမ္ဘာတ၀ှမ်းက အကျော်အမော် ပညာရှင်တွေ ဖြစ်ကြပါတယ်။ ဒီစာကြည့်တိုက်မှုးတွေဟာ ကမ္ဘာကျော် ကဗျာဆရာကြီး ဟိုးမားရဲ့ ကဗျာတွေကို တည်းဖြတ်ထုတ်ဝေခဲ့တဲ့ ပညာရှင်တွေ ဖြစ်ကြောင်း သမိုင်းအရ သိရပါတယ်။
အဲဒီစာကြည့်တိုက်မှုးတွေထဲက ကာလီမာရှု ( Callimachus) ဆိုတဲ့ သူကတော့ သုတေသန စာပေရေးတဲ့ အခါ ရည်ညွန်း၊ ကိုးကားတဲ့ စာစုစာရင်း( Bibliography) ကို ပထမဆုံး သုံးခဲ့တဲ့ ပုဂ္ဂိုလ်ကျော်တွေ ဖြစ်ပါတယ်။

စာအုပ်စာပေဆိုတာ အသိဥာဏ်ကြွယ်ဝခြင်းရဲ့ အမှတ်သင်္ကေတ
ပညာရှင်တွေ အပြင်စာအုပ်စာပေကို မြတ်နိုးတဲ့ ပြည်သူတွေဟာ စာအုပ်တွေကို အမြတ်တနိုး စုဆောင်းလေ့ရှိကြပါတယ်။ နိုင်ငံပြုသုခမိန်တွေကလည်း စာအုပ်စာပေကို အမြတ်တနိုး စုဆောင်းလေ့ရှိတာကို တွေ့ရပါတယ်။ စာအုပ်စာပေ စုဆောင်းတဲ့အထဲမှာ အမေရိကန်နိုင်ငံရဲ့ တတိယ မြောက်သမ္မတ တောမတ်ဂျက်ဖာဆင်ကတော့ နာမည်ကြီးသူ ဖြစ်ပါတယ်။
သူစုဆောင်ခဲ့တဲ့ စာအုပ်ပေါင်း ၂၀၀၀၀ နှစ်သောင်းကျော်ကို ရောင်းချပြီး သူရဲ့အကြွေးတွေကို ဆပ်ခဲ့ကြောင်း သူ့ရဲ့ အတ္ထုပ္ပတ္တိစာအုပ်မှာ လေ့လာဖူးတယ်။ တောမတ်ဂျက်ဖာဆင်ကြီးဟာ အမေရိကန် ပြည်ထောင်စုရဲ့ လွတ်လပ်ရေးကြေငြာစာတမ်းနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့တဲ့ သူလည်းဖြစ်ပါတယ်။ သူရဲ့စာအုပ်စုဆောင်းမှုက ဧည့်ခန်းထဲမှာ အလှပြဖို့မဟုတ်ဖူးဆိုတာ သူ့လုပ်ရပ်တွေက သက်သေပြနေပါတယ်။
ကျနော့်ကိုယ်တွေ့ စာအုပ်စုဆောင်းသူ မြန်မာပညာရှင်တွေထဲမှာတော့ ရှေးဟောင်း သုတေသနဌာန ပါမောက္ခ ဦးလှထွန်းဖြူ လည်း တဦးအပါအ၀င် ဖြစ်ပါတယ်။ ပါမောက္ခတွေ ထဲမှာ ဒေါက်တာသန်းထွန်း ပြီးရင် ဆရာကြီးက စာအုပ်အများဆုံးရှိတဲ့ သူဖြစ်မယ် ထင်ပါတယ်။ အိမ်ပေါ်မှာ ခြေချစရာ နေရာမရှိအောင် စာအုပ်တွေက များလှပါတယ်။ ရခိုင်ဆိုင်ရာ သုတေသန စာတမ်းတွေကို ရေးခဲ့သူဖြစ်ပါတယ်။
မန္တလေး မဟာမုနိဘုရားကြီး ဗိုက်ဖေါက်ခံရကြောင်း ကောလောဟာလ သတင်းထွက်လာတော့ ထောက်လှမ်းရေးတွေက ရခိုင်သမိုင်းကျွမ်းကျင်သူ ဆရာကြီးဆီကို ချဉ်းကပ် အကူအညီ တောင်းခဲ့ဖူးပါတယ်။ ဘုရားကြီးကို ရခိုင်က သိမ်းယူလာတဲ့အခါ ဧရာဝတီ မြစ်ကြောင်းကနေ အမရပူရထိ သယ်ယူဖို့ခက်တာကြောင့် ဘုရားကြီးကို သုံးပိုင်းဖြတ်ပြီး သယ်သွားခဲ့တာ မှတ်တမ်း တင်ထားတဲ့ နှစ်ပေါင်း ၂၀၀ ကျော်ရှိ ရှေးဟောင်း ပေစောင်ကို ကိုးကားပြောခဲ့သူလည်း ဖြစ်ပါတယ်။
နောက်တော့ ထောက်လှမ်းရေးတွေက အဲဒီပေစောင် ကိုပါ သိမ်းသွားခဲ့တယ်။ စာအုပ်စာပေဆိုတာ ပြဿနာတွေရဲ့ အဖြေ။ တန်ဘိုးဖြတ်မရနိုင်တဲ့ ရတနာတွေပါ။ တနည်းပြောရရင် လူသားတွေရဲ့ အသိပညာ ကြွယ်ဝမှုကို ပြတဲ့အရာတွေပါ။

ရေစီးကြောင်းထဲက မြန်မာ့ယဉ်ကျေးမှုလား
ကျနော်လည်း ရုပ်ရှင်ကောင်းဆိုရင် အင်မတန်မှကြိုက်တဲ့သူ ဖြစ်ပါတယ်။ ကျနော်က အနောက်တိုင်း ရုပ်ရှင်ကားကောင်းတွေကို ကြည့်လေ့ရှိပါတယ်။ ကျနော်ရဲ့ အိမ်သူသက်ထားကတော့ မြန်မာကားဆိုရင် ထမင်းတောင် အငတ်ခံပြီးကြည့်တဲ့သူ။ ရုပ်ရှင်ဆိုတာ နိုင်ငံတခုရဲ့ လက်ရှိ ဖြစ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေကို အနုပညာနှင့် တင်ပြတာလို့ ကျနော်နားလည်ပါတယ်။
ဒီနေ့ထွက်နေတဲ့ မြန်မာ့ ရုပ်ရှင်၊ ဗွီဒီယိုတွေထဲမှာ အိမ်ကြီးရခိုင်တွေ၊ ကျိကျိတက်ချမ်းသာတဲ့ လုပ်ငန်းရှင်တွေ၊ ပညာတတ် လူတန်းစား အကြောင်း ရိုက်လေ့ရိုက်ထ ရှိတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ အိမကြီးရခိုင် ဖြစ်ပါစေ၊ ဘယ်လောက်ဘဲ ပညာတတ်မိဘတွေ ဖြစ်ပါစေ ရုပ်ရှင်ထဲက ဧည့်ခန်း နံရံတွေကို ကြည့်လိုက်ရင် ခန့်ညားထည်ဝါတဲ့ စာအုပ်စင်တွေကို မတွေ့ရတတ်ပါဘူး။ ကျောင်းသူ၊ကျောင်းသားတွေ အကြောင်း ရုပ်ရှင် ရိုက်ပေမဲ့ လွယ်အိပ်တလုံးက လွဲပြီးဘာမှမရှိ။
ကျနော် ရန်ကုန်မှာနေစဉ်တုန်း ၉၀ ကျော်ပတ်ဝန်းကျင်က အင်ဂျင်နီယာလည်းဖြစ်၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်တဦးနှင့် ရင်းနှီုးခဲ့ဖူးပါတယ်။ ယောက်လမ်းက သူရဲ့အိမ်ကို အလည်ရောက်တော့ အင်မတန်မှ ကြီးကျယ်ခန့်နားတဲ့ အိမ်ကြီးဖြစ်ပါတယ်။ အိမ်အသုံးအဆောင် ပစ္စည်းတွေကို ကြည့်လိုက်ရင်လည်း အဖိုးတန်တွေပါဘဲ။ ၉၀ ကျော် ပတ်ဝန်းကျင်က ဈေးနှုန်းနှင့်ကြည့်ရင်တောင် သိန်းထောင်ချီတန်တဲ့ အိမ်ကြီးရခိုင်။ ခေတ်မှီ မီးဖိုရှောင်၊ ခေတ်မှီ ရုပ်သံဖမ်းစက်၊ ခေတ်မှီကားတွေနှင့် အပြည့်အစုံပါပဲ။
အဲဒီလိုကြီးကျယ် ခမ်းနားတဲ့ အိမ်ကြီးရဲ့ ဧည့်ခမ်းမဆောင်မှာ ပညာရှင်တဦး ပီသစွာ စာအုပ်စင်လေး တခုကိုမှ မတွေ့ရတဲ့အတွက် စိတ်မကောင်း ဖြစ်မိကြောင်း ဝေဖန်ခဲ့ဖူးပါတယ်။ ဒီအချက်အလက်တွေက လတ်တလောကြည့်ရင် ဘာမှ အရေးမပါလို့ ထင်ရပေမယ့် နိုင်ငံသူ နိုင်ငံသားတွေရဲ့ ခေတ်ရေစီးကြောင်းထဲက အကျင့်စရိုက် အပြုအမှုလို့ ကောက်ချက်ချလို့ ရမယ်ထင်တယ်။

ဒီပုတ်ထဲက ဒီလွှတ်တော်
လွှတ်တော်ဆိုတဲ့ စကားက မြန်မာတွေနှင့် သိပ်မစိမ်းတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။ ကုန်းဘောင်ခေတ်ကတည်းက စတင်သုံးလာတဲ့ အသုံးအနှုန်းပါ။ ကုန်းဘောင်ခေတ် ရာဇ၀င်ကို ပြန်ကြည့်ရင် လွှတ်တော်ဝန်ကြီးဆိုတာ အဲဒီခေတ်က ခေသူတွေ မဟုတ်ပါဘူး။ ကျမ်းပြု သုခမိန်တွေ များတာကို တွေ့ရပါမယ်။ ဒါပေမဲ့ အခုအချိန်မှာ အင်မတန်မှ မြတ်နိုးလေးစားဖွယ်ရာ ကောင်းတဲ့ "စာအုပ်စာပေ လူ့မိတ်ဆွေ" ဆိုတာ အတိတ်သမိုင်းထဲမှာ ကျန်ရစ်ခဲ့ပြီလား။
ဒီနေ့ ကျနော်တို့နိုင်ငံရဲ့ လွှတ်တော်ကို ပြန်ကြည့်ရင် အဆောင်အဦးက သစ်လွင်တောက်ပနေပြီး၊ လွှတ်တော် အမတ်တွေကို ကြည့်လိုက်ရင်လည်း ကျောက်ရုပ်လို တုပ်တုပ်မျှ မလှုပ်တဲ့ တကယ့် အမတ်တွေက များနေပါတယ်။ လွှတ်တော် အမတ်အများစုတွေရဲ့ အမေးအဖြေလောက်ကို လေ့လာလိုက်ရုံနဲ့တင် အရည်အချင်းကို သိနိုင်ပါတယ်။ ဒီလွှတ်တော် အမတ်တွေ နိုင်ငံတခုရဲ့ အင်မတန်မှအရေးကြီးတဲ့ ဥပဒေပြုတဲ့ အလုပ်ကို လုပ်နိုင်ဖို့ လေ့လာဖတ်ရှုရမယ့် စာအုပ်တွေကို ထိမ်းသိမ်းထားတဲ့ လွှတ်တော်စာကြည့်တိုက်မရှိတာဟာ အကျဉ်းတန်တဲ့အရာ တွေထဲမှာ အရုပ်အဆိုးဆုံး လို့ ပြောရမယ်ထင်တယ်။
လွှတ်တော် အမတ်တွေဆိုတာ ပြည်တွင်း၊ ပြည်ပ ဗဟုသုတတွေ မပြည့်စုံဘဲနဲ့ တိုင်းပြည်အတွက် ဘယ်လို အရေးပါတဲ့ ဥပဒေမျိုးကို ပြဌာန်းပေး နိုင်မှာလဲ။ အိမ်နီးချင်းနိုင်ငံတွေကို ကြည့်လိုက်ပါ။ လွှတ်တော် နိုင်ငံခြားရေး ကော်မတီတွေ၊ ဘဏ္ဍာရေး ကော်မတီတွေ ဆိုတာ အင်မတန်မှ အသိပညာကြွယ်ဝတဲ့ သူတွေကိုသာ ရွေးချယ်ကြပါတယ်။ ဒီကော်မတီဝင် လူကြီးတွေဟာ သက်ဆိုင်ရာ ပညာရှင်တွေကို မေးခွန်းထုတ် မေးနိုင်တဲ့ အဆင့်ထိ နယ်ပယ် အလိုက်ကျွမ်းကျင်တယ်။ သုတေသန ပညာရှင်တွေ ကိုယ်တိုင် လွှတ်တော် စာကြည့်တိုက်ထဲမှာ ထိုင်ပြီး သုတေသနတွေ လုပ်ကြတယ်။ ကြားနာမှုတွေ၊ စစ်ဆေးမှုတွေ လုပ်ကြတယ်။ အမေရိကန် နိုင်ငံက ကွန်ဂရက် စာကြည့်တိုက်ဆိုရင် စာအုပ်ပေါင်း ၁၄၂ သန်းရှိတဲ့ ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက် ဖြစ်ပါတယ်။
ကျနော်တို့နိုင်ငံနဲ့ နယ်စပ်ချင်း ထိနေတဲ့ ယူနန်ဆိုတာ တရုတ်နိုင်ငံရဲ့ ဖွတ်ကြောပြာစု ပြည်နယ်။ ယူနန် ပြည်နယ်ရဲ့ မြန်မာပြည်နယ်စပ်နားက ရွာတွေကို ကျနော်တို့ရဲ့ ဥပဒေပြုအမတ်တွေကို သွားရောက်လေ့လာစေချင်တယ်။ ဘယ်ရွာမဆို စာကြည့်တိုက်ရှိတယ်။ သူ့နိုင်ငံရဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပါအ၀င်၊ နိုင်ငံတကာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တွေကို ဘာသာပြန်နှင့် မူရင်းထားပေးတယ်။
ဒါက ရပ်ရွာအဆင့်မှာရှိတာ။ ကျနော်တို့ရဲ့ ပြည်သူ့အာဏာ အမြင့်ဆုံး ရှိပါတယ် ဆိုတဲ့ အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် နှစ်ရပ်ပေါင်းမှာ စာကြည့်တိုက် မရှိတာကို ကြည့်ရင် ခေတ်ရေးစီးကြောင်းထဲက မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့လွှတ်တော် လို့ ပြောနိုင်မယ် ထင်ပါတယ်။
လှရွှေ

http://www.maukkha.org/index.php?option=com_content&view=article&id=1991&catid=91&Itemid=359 မှ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ