Sunday, May 15, 2011

ဖက်ဆစ်တော်လှန်ရေး နှင့် တော်လှန်ရေးစိတ်ဓာတ်

ဒေါ်မြရီ (ကျောက်ဆည်)

ကျွန်မက ၁၉၃၈ ခုနှစ်မှာ ကျောင်းဆရာမဖြစ်ပါတယ်။  ကျောင်းဆရာမကလည်းဖြစ်၊ စာဖတ်လည်း ဝါသနာ ပါတော့ အရပ်ထဲမှာ စာကြည့်တိုက်လုပ်ငန်းတွေ ဘာတွေလည်း လုပ်ပါ တယ်။  နဂါးနီစာအုပ်တွေကို အဖတ် များပါတယ်။  အဲဒီခောတ်က လွှတ်တော်ရွေးကောက်ပွဲတို့ ဘာတို့ကျရင် ကျောက်ဆည်မှာ အမတ်ရွေးတဲ့ ပုဂ္ဂိုလ်တွေ နဲ့ စကားပြောပြိုင်တာတို့၊ စကားရည် လုပွဲ၊ ကျပန်းစကားပြောပွဲ ပြောတာတို့လုပ်တယ်။  အဲဒီ အခါတုန်း က စိတ်ကလည်းထက်တယ်။  လူကလည်းသွက်တယ်။  ဘာလုပ်ရလုပ်ရ ဖျိုးဖျိုးဖျတ်ဖျတ် တက်တက် ကြွကြွ လုပ်တယ်။  စာ လည်းဖတ်တယ်။နိုင်ငံရေးကိုတော့ သခင်တင်ရွှေ နဲ့ စပြီးဆက်မိတယ်။  သခင်တင်ရွှေ ကအင်းစိန်ခရိုင်လှည်းကူးသား ဖြစ် ပါတယ်။


သူ့အစ်ကို ဦးချစ်တင်က ကျောက်ဆည်၊ ဘယ်လင်းမှာထုံးကန်ထရိုင်လုပ်ပြီး ကျောက်ဆည်ဈေး မြောက်ဘက် မှာ ဆန်တွေ၊ ဆီတွေရောင်းတော့ သူ့အစ်ကိုနဲ့ အတူ ကျောက်ဆည်ကို ပါလာပါတယ်။ ကျွန်မတို့ တစ်အိမ်ကျော် မှာ ကျောက်ဆည်က အခွန်ဝန်သား ကိုစည်းစိမ့်အိမ်မှာ အဝင်အထွက် အနေအထိုင် များတယ်။  ကျွန်မက နေရာတကာငန်တာဆိုတော့ သူနဲ့ ဆုံမိပါ တယ်။  သူနဲ့ မဆုံမိခင် ကတည်း ကလည်း နဂါးနီကထုတ်တဲ့ စာအုပ်တွေဖတ်ပြီး နိုင်ငံရေးကို စိတ်ဝင်စားနေရတာပါ။  ဒို့ဗမာ အစည်းအရုံး နဲ့ အိမ်ကလည်း မဝေးဘူး။  အဲဒီမျာ အတူဝိုင်းပြီး လုပ်ကြကိုင်ကြရင်းနဲ့ သူနှင့် မေတ္တာ ရှိခဲ့ကြတယ်။  သူကလည်းနိုင်ငံရေးလုပ်၊ သူ့ကိုလည်းအား ပေးတယ်။  ကိုယ့်တိုင်းပြည်အတွက် ကိုယ် လုပ်တာ၊ လုပ်သာလုပ်၊ ထောင်အပြင်တန်းမရှိဘူး။  ချသာချဆိုပြီး အားပေးတာ။  သူကလည်းလုပ်တာပဲ၊ ခဏခဏ အဖမ်းခံရတယ်။  ထောင်ကျ တယ်။  ဒါပေမဲ့ ဆက်လုပ်တာပဲ။  သူကလည်း ဇွဲသိပ်ကြီးတဲ့လူပဲ။  ကျွန်မ လည်း အဲဒီကစပြီး နိုင်ငံရေးထဲ ပါခဲ့ပါတယ်။

စစ်ကြီးဖြစ်လာတော့ တစ်နေ့မှာ ကိုတင်ရွှေက ပြောပါတယ်။  သူတော့တိုင်းပြည်အတွက် စွန့်ရတော့မယ်၊ ဘယ်သွားမယ်၊ ဘာလုပ်မယ်၊ ဘယ်သူနှင့် ဘာညာ၊ ဘာဆိုတာမှ မပြောဘူး။  နှုတ်ဆက်ရုံ နှုတ်ဆက် ပါတယ်။  ကျွန်မကလည်း သွားသာသွား၊ ဘာမှ နောက်ဆံမ ငင်နဲ့ မသေရင်လည်းပြန်တွေ့မှာပဲ။  သစ္စာစောင့် နေမယ်လို့ ပြောလိုက်တယ်။  သူတို့ထွက်သွား လို့ တော်တော်ကြီးကြာတော့မှ ကိုသိန်ဖေ နဲ့ အိန္ဒိယ ပါသွားပြီး အိန္ဒိယရောက်နေတယ်လို့ ကြား ရပါတယ်။ 

သူဆက်ပေးခဲ့ လို့ သခင်တင်မြတို့၊ ကိုတူး(ဗိုလ်မှူးချစ်ကောင်း) တို့နဲ့ ဆက်မိကြ တယ်။  ကျွန်မက မန္တလေး အတွက် ဖက်ဆစ်တော်လှန်ရေး ကြေငြာစာတမ်းတွေ၊ စာစောင် စာတမ်းတွေ ကူးကူးပေးရတယ်။  ပွားပွား ပေးရပါတယ်။  ကိုယ်တိုင်လေ့လာပြီး "ဆရာကြီးသခင်စိုး က ခေါ်တယ်၊ ဖက်ဆစ်တော်လှန်ရေးအတွက် တာဝန်ယူရမယ်၊ လိုက်ခဲ့ပါတဲ့ "    ဒါနဲ့ ထလိုက်လာတာ အိမ်လည်း ဘာမှမပြောခဲ့ဘူး။  ဘာလုပ်ရလုပ်ရ လုပ်ဖို့ပဲ စိတ်ကပိုင်ဖြတ် ပြီးသား ဖြစ်ပါတယ်။  ဒီတုန်က သိတာက မြန်မာပြည်တွင်းမှာ လုပ်ကြကိုင်ကြဖို့ပဲ။  ရန်ကုန် ရောက်တော့ ကြည်မြင်တိုင် အိုးဘိုဘက်မှာနေတဲ့ သခင်သန်းမြိုင် က တစ်ခုပြောပါတယ်။

"မမြရီတဲ့ ကိုတင်ရွှေ မြန်မာပြည်ပြန်ရောက်နေတယ်တဲ့"   
ကျွန်မက မယုံပါဘူး။  ဒါနဲ့ ကျွန်မလည်း ဆရာကြီးသခင်စိုးရှိတဲ့ ဖျာပုံဘက် ဆက်လိုက်သွားပါ တယ်။  ဟိုမှာက အစည်းအဝေးရှိတယ်၊ အလုပ်ရှိတယ်၊ စိတ်က အဲဒီပဲ ရောက်နေတယ်တော့ တယ်။  အဲဒီတုန်းက ဂျပန် ကို ဘယ်လိုတိုက်ရမလဲ တွေးနေတာ။  စိတ်ကလည်း ထက်ထက်၊ ဓားမြောင်တစ်ချောင်းကို အမြဲ ဝှက်ပြီး ဆောင်ထားတယ်။  ဖျာပုံရောက်တဲ့အခါ သခင်တင်ရွှေနဲ့ တစ်ခါတည်း လက်ထပ်ပေးလိုက်ပါတယ်။

လက်ထပ်ပြီးနောက်မှာ ကျွန်မ အိန္ဒိယကို လိုက်ဖို့ဖြစ်လာပါတယ်။  ကျွန်မအိန္ဒိယလိုက် ရမယ်ဆိုတော့ ဆရာကြီး သခင်စိုး က ကျွန်မနာမည်ကို မခင်စီလို့ နာမည်ပြောင်းလိုက်ပါတယ်။  အိန္ဒိယမသွားခင်မှာ ရန်ကုန် မှာ ခေတ္တနေပြီး သခင်သန်းထွန်း၊ သခင်စိုးတို့ရဲ့ မှာတာတွေ၊ သူတို့ပေးတာတွေ၊ စာရွက်စာတမ်း တွေ၊ ကိုညိုထွန်းခေါ်သွားဖို့ကိစ္စတွေ ပြင်ဆင်နေကြရတယ်။  အိန္ဒိယကိုသွားတာ ရန်ကုန်က ပုသိမ်၊ ပုသိမ်က ငသိုင်းချောင်း၊ ငသိုင်းချောင်းက မြောက် ချောင်း၊ အဲဒီလမ်အတိုင်း သွာရပါတယ်။  ရွာနဲ့ရွာနာမည်တွေ၊ လမ်းနာမည် တွေကတော့ မမှတ် မိတော့ပါဘူး။ 

သွားကြတာ ကိုညိုထွန်းရယ်၊ ကိုတင်ရွှေရယ်၊ ကျွန်မရယ်သုံးယောက် လမ်းပြ တွေလည်း ပါပါတယ်။  ကိုညိုထွန်း က အဲဒီအချိန်က မဟာဗမာတိုင်းမှုးလုပ်နေတာ။  ဒေါက် တာဘမော်တို့၊ ဒေါ်ခင်မမမော်တို့နဲ့ လူချင်း သိပ်ခင်ကြတယ်။  သူက မဟာမင်းကြီးဝတ်စုံဝတ် ပြီး ကိုတင်ရွှေနဲ့ ကျွန်မက သူရဲ့ စာရေးကြီး လင်မယား အဖြစ် နဲ့ လိုက်ရပါတယ်။  သူကရှေ့က စတိုင်နဲ့သွား ကျွန်မတို့က စာရေးလင်မယားဆိုတော့ ကုတ်ချောင်း ကုတ်ချောင်းနဲ့ လိုက်ကြရ တယ်။  လမ်းမှာ ကလပ်တို့၊ ဘိုတဲတို့ ဝင်တဲကြပြီဆိုရင် ရေနွေးတို့၊ ဆေးလိပ် တို့ တစ်ခါတည်း ဦးကလေးညွတ်၊ ခါးကလေးကုန်းပြီး ရိုရိုသေသေနဲ့ သွားချပေးရတယ်။  ပစ္စည်း တွေ၊ ဘာတွေ ပေးရင်လည်း လက်နှစ်ဖက်နဲ့ ရိုရိုသေသေကမ်းပေးရတယ်။ 

သူက မြိန့်မြိန့်ကြီးမင်းဟန်စိုးဟန် အပြည့်နဲ့ တစ်ခါတည်းနေတာပဲ။ ဧည့်သည်တွေ ဘာတွေ ပြန်သွားပြီး လူရှင်း သွားပြီး ဆိုရင် သူ့ကို အခန်ထဲ ဆွဲသွင်းပြီး "ငါတို့ကို နှိပ်စက်ဦးဟ၊ ငါတို့ကို ခိုင်းဦးဟ" နဲ့ တအုန်းအုန်း ထုကြ၊ ထောင်းကြတော့ သူကတော့ ရယ်ပြီးလိမ့်ခံနေတော့တာပါပဲ။  ခရီးတစ် လျှောက်လုံး ဒီလိုသွားကြရင်း နဲ့ ကျွန်မတို့မှာ ဒေါက်တာဘမော်ကလပ်မှာ အန္တရာယ်ကင်း အောင် ထည့်ပေးလိုက်တဲ့ က၊ ကိ၊ ကု၊ ကေ၊ ကော၊ န၊ နိ၊ နု၊ နေ၊ နော ဆိုတဲ့ ဂျပန်ဖတ်စာအုပ် တွေ ပါလာပါတယ်။  အထမ်းကြီးနဲ့ ထမ်းယူ လာကြ ပါတယ်။  အဲဒါကြီးတွေ ထမ်းပြီး လမ်းပြ တွေနဲ့သွားတော့ လမ်းမှာ ဂျပန်တွေနဲ့ တွေ့တယ်။  ဂျပန်တွေ ဘာလုပ် နေသလဲဆိုတော့ လမ်းတွေဖောက်၊ တာတွေဖို့နေကြတာ၊ ချွေးတပ်သားတွေကလည်း အများကြီး အဝေး ကနေ လှမ်းကြည့်ရင် ပုရွက်ဆိတ်အုံကြီးလိုပဲ တရွရွနဲ့ လုပ်နေကြတာ၊ ဂျပန်တွေကလည်း အများကြီး အဲဒီလို တွေ့ရင် စာအုပ်တွေကိုယူပြီး     "ရော့......ရော့" ဆိုပြီး ပေးလိုက်ပါတယ်။  အဲဒီလိုပေးရင် ဂျပန် တွေက ဖတ်ကြည့်ပြီး သိပ်သဘောကျကြတယ်။

"ကောင်းတယ်ကား ............ ကောင်းတယ်ကား" နဲ့ပြောနေရော။  အဲဒီတော့ သူတို့ကို ဖြတ်သွားလို့ရပြီ။  ကျွန်မ တို့လည်း ဂျပန်တွေကိုတွေ့တိုင်း ဖတ်စာအုပ်တွေ ပြပြသွားရတယ်။
သွားရတာ ဆင်းရဲပင်ပန်းတာကတော့ ရိုးမထဲက ခရီးပါပဲ။  ရခိုင်ရိုးမကြီးဖြတ်ရတုန်းက တောကလည်းကြီး၊ နက် ကလည်း နက်၊ တောင်ကလည်းကြမ်း၊ လမ်းကလည်းဆိုး၊ သွားရင် လာရင်း လူဟာ တစ်ခါတည်း မသွား နိုင် တော့ဘူး။  ခြေထောက်တွေပေါက်၊ ဖဝါးတွေလည်းကွဲ၊ လဲလုကိုဖြစ်တာပဲ။  ဒါပေမဲ့ စိတ်ကဆောင် နေတယ်။  သွားမှဖြစ်မှာ မသွားလို့မဖြစ်ဘူး။  သွား ကိုသွားရမယ်။  သွာမှ ဖက်ဆစ်ဂျပန်ကို တိုက်နိုင်မှာ။  တိုင်းပြည် လွတ်လပ်ရေး ရမှာဆိုပြီး သွား တာပဲ။  တောင်အတက်တွေ၊ ကုန်အတက်တွေ များများလာတော့ ကျွန်မ က မတက်နိုင်တော့ ဘူး။  အဲဒီအခါကျရင် ကိုတင်ရွှေက တစ်ဖက် ကိုညိုထွန်း က တစ်ဖက် တစ်ဖက် တစ်ချက်စီ ချိုင်းကနေမ ဆွဲပြီး တက်ကြရပါတယ်။  တစ်ခါတစ်လေ ဒရွတ်တိုက်ပါသွားတယ်။  သူတို့ လည်း မသက်သာဘူး။  ကိုယ်လည်းမသက်သာဘူး။ 

ဒီလိုမသွားလို့လည်းမဖြစ်ဘူး။  ချိန်ထား တဲ့ရက်၊ ချိန်းထားတဲ့အချိန်၊ ချိန်းထားတဲ့နေရာရောက်ဖို့ အရေးကြီး တော့ ပင်ပန်းပေမဲ ဇွဲတင်း ပြီးသွားကြရတယ်။  ရာသီက ဆောင်းတွင်းကြီး။  ဒါပေမဲ့ ချမ်းတာ၊ စီးတာ ဘာမှ မသိဘူး။  လူ တစ်ကိုယ်လုံး ချွေးဒီးဒီးကျနေပြီး ပင်ပန်းတာပဲ သိတယ်။  ပင်ပန်းပေမဲ့လည်း ကြာကြာနားမနေ နိုင်းဘူး သွားကြတာပဲ။  ရခိုင်ရိုးမဆိုတာ ငှက်တော၊ ကျားတော၊ ငှက်ဖျားကကြီးတယ်။ ကျားဆိုး က ပေါတယ်။  အထူးသဖြင့် ရခိုင်ရိုးမက ကျားဆိုးတွေဟာ သိပ်ပြီးရဲတင်းပါတယ်။  သိပ် လည်းကြောက်ရတယ်။  ဒါပေမဲ့ ကျားလည်း ကြောက်မနေအားဘူး။  ဆင်လည်း ကြောက်မနေ အားဘူး။  သွားကြတာပါပဲ။  ဒီလောက် ပင်ပန်း တဲ့ကြားက ဒီလိုသွားနိုင်တာဟာ ဖက်ဆစ်ဂျပန် တွေရဲ့ရိုင်းစိုင်း ရက်စက်မှုတွေကို မုန်းလို့၊ တိုင်းပြည် ကို ချစ်လို့ ပြည်သူလူထုကို စာနာလို့။  ဒီ လိုသွားမှ ဒီလိုဆင်းရဲခံမှ ဒင်းတို့ကို တိုက်နိုင်မှာ၊ တို့တိုင်းပြည် လွတ်လပ်မှာ ဆိုတဲ့ ယုံကြည် ချက်က သိပ်ပြင်းထန်တယ်။  အဲဒီလိုယုံကြည်ချက် ပြင်းပြင်းကြီးက လူကို အားပေး နေတာပါပဲ။  ကြာတော့ သူတို့ဆွဲပြီး တက်တက်နေတာကို ကျွန်မလည်းစိတ်မရှည်တော့ဘူး။  ကိုယ်ဘာသာ ကိုယ်လည်း မကျေနပ်ဘူး။  ငါ့နှယ်ပျော့ညံ့လိုက်တာလို့ စိတ်ကတိုမိတယ်။ 

"ဖယ်... မင်းတို့ မဆွဲကြနဲ့တော့၊ ငါ့ဘာသာသွားမယ်။"   
ဆိုပြီး သစ်ပင်တွေဆွဲတက်တာပဲ။  အဆင်းတွေ့ရင်လည်း ဒီလိုပဲ ဟိုအပင် ဆွဲဆင်း၊ ဒီအပင် ဖက်ဆင်း၊ ဖင် ဒရွတ်တိုက် ဆင်း၊ တစ်ခါတစ်လေလှိမ့်တောင်ဆင်းတယ်။  အောက်မှာ ဖမ်းဆွဲရ မယ့်အပင်၊ လှမ်းဖက်ရမယ့် အပင် ကိုကြည့်ပြီး လှိမ့်ချတာပဲ။  လျှောဆင်းတာပဲ။  ဒီတော့ ရင်ဘတ်တွေ ပွန်းပဲ့၊ လက်တွေရောင်ကိုင်း၊ ခြေထောက် တွေ ဖူးရောင်နေတာပါပဲ။  ဒါနှင့် ထဘီ တစ်ထည်ကို အပိုင်းပိုင်းဆွဲဆုတ်လို့ အပေါက်အပြဲ၊ အပွန်းအပဲ့ တွေ ကျပ်စည်းသလိုစည်းပြီး တစ်ကိုယ်လုံး အဝတ်တွေစည်းထားတာ လူမြင်လို့တောင် မကောင်း ဖြစ်ရပါတယ်။

တစ်ခါလည်း လှည်းနဲ့သွားကြတာ ရခိုင်ရိုးမမှာပဲ မိုးလင်းထွက်တာ မိုးစုပ်စုပ်ချုပ်လို့ တစ်နေကုန်ပါတယ်။  ညဘက် ကျတော့လည်း မနားဘဲဆက်ထွက် တစ်ညလုံး ခေတ္တပဲနားပြီး ဆက်တိုက်သွားကြတော့ ကြာ လာတော့ လူတွေလည်းပင်ပန်း၊ နွားတွေလည်းပင်းပန်းပြီး ဘယ် အချိန်အိပ်ပျော်ကုန်ကြတယ် မသိဘူး။  လှည်းကလည်း မောင်းမည့်သူ မရှိတော့ ရပ်နေပါ တယ်။  နေတော်တော်မြင့်မှ လန့်နိုးကြပါတယ်။ အဲဒီတော့ မှ ပြူးပြဲပြီး....

"ဟာ....... ဒုက္ခပဲ ဘယ်ရောက်နေတုန်း၊ ဘာတုန်း။" နဲ့ ဖြစ်ကြရတယ်။  ကံကောင်းလို့ ကျားစာ မဖြစ်ကုန်ကြရတယ်။  ဒီလိုနှင့် ရခိုင်ရိုးမကျော်လာကြ တာ ဂွမြို့ကို ရောက်ပါတယ်။  ဂွမြို့ကနေ ကျောက်ချွန် ဆိုတဲ့ ပင်လယ်ကမ်းခြေကို သွားကြပါ တယ်။  အဲဒီမှာ နားကြတယ်။  စားကြတယ်။  သောက်ကြ တယ်။  ညဘက်ကျတော့ ကမ်းခြေ ကိုသွားပြီး ကိုတင်ရွှေ က အချက်ပြပါတယ်။  အဲဒီညက လသာတဲ့ည၊ ပင်လယ်ကြီး ကို အကျယ်ကြီး မြင်နေရတယ်။  လှိုင်းကလည်း တအိအိနဲ့ပါပဲ။  ခဏကြာတော့ ရော်ဘာဘုတ် ကလေး နဲ့ လူနှစ်ယောက်ရောက်လာပြီး ကျွန်မတို့သုံးယောက်ကို ခေါ်သွားပါတယ်။  သုံးယောက်သား ရာ ဘာဘုတ် ကလေးပေါ် ရောက်မှပဲ ဟင်းချနိုင်ပြီး ခြေပစ်လက်ပစ်ဖြစ်သွားကြတယ်။  ရင်ထဲမှာ လည်း ပေါ့ သွားတော့တယ်။  ဂျပန်လက်ကလွတ်ပြီ၊ အရင်က လမ်းခရီးတစ်လျှောက်လုံးမှာ ဘယ်နေရာဂျပန်နဲ့ တိုးပြီး ဘယ်နေရာ ပြဿနာဖြစ်မလဲ၊ အဖမ်းခံရမလဲ၊ တစ်လမ်းလုံးတွေးပြီး စိတ်ပူခဲ့ရတယ်။

ရော်ဘာဘုတ်ကလေးနဲ့ ပင်လယ်ထဲ မောင်းလာတော့ စစ်သင်္ဘောကြီးဆီ မရောက် သေးခင် လမ်းမှာ ဆားလှေ တွေ တွေ့တယ်။  ဆာလှေတွေပေါ်မှာ ဂျပန်တွေပါတယ်။  ကျွန်မ တို့က ဂျပန်တွေမှန်း မသိဘူး။  အဲဒီအချိန် က ရခိုင်မှာ ဆားက တအားရှားနေတယ်။  ဒါပေမဲ့ ဆားလှေတွေကို မသင်္ကာဘူး။  ဒါနဲ့ ကမန်းကတန်း ရော်ဘာဘုတ် ကို သင်္ဘောကြီးဘေးပတ် ကွေ့ပြီး ကပ်တယ်။  ကြိုးလှေကားနဲ့ ဆွဲတက်ကြတယ်။  ဆွဲတက်တော့ စစ်သင်္ဘောပေါ်မှာ မြန်မာပြည်ပေါက်ကုလားဝဝကြီး တစ်ယောက်တွေ့တယ်။  သူက မြန်မာတွေမြင်ပြီး မြန်မာစ ကားပြောရအောင် ဆိုပြီး ဝမ်းသာအားရ ဆီးကြိုတယ်။ မြန်မာလိုလည်း "နေကောင်းကြရဲ့လား" ဆိုပြီး နှုတ်ဆက်တယ်။ 

အဲဒီအချိန်မှာ ဆာလှေပေါ်ပါလာတဲ့ ဂျပန်က လှမ်းပစ်လိုက်တာ တစ် ခါတည်း ကျည်ဆန်က သူ့ သွားမှန် တာပဲ။  သူလည်းတုန်ခနဲဆိုပြီး လဲသွာရော။  အကုန်လုံး ပွက်ပွက်ညံပြီး ပစ်ကြခတ်ကြ ဖြစ်ကုန်ကြတယ်။  အဲဒီကုလားကြီးဟာ တစ်ခါတည်း ပွဲချင်းပြီ သေတာပဲ။  သူင်္ဘောလည်း ချက်ချင်းမောင်းထွက်တာပဲ။  သင်္ဘောက တအားမောင်းတော့ လူး လိုက် မူးလိုက်တာ ကျောက်ချွန်က စားလာတာတွေ အကုန် အန်ပစ်တာပဲ။  လူလည်းတစ်ကိုယ် လုံးရေတွေ စိုရွှဲပြီး တစ်ကိုယ်လုံးအကွဲအပြဲတွေနှင့် ပတ်တီးတွေနှင့် မြင်မကောင်းဘူး၊ ထု ထောင်းဆုပ်နယ်ထားသလို လှုပ်ကိုမလှုပ်နိုင်တော့ဘူး။  လမ်းခရီး ပင်လယ်ထဲမှာ သင်္ဘောသုံး စီး ပြောင်းစီးခဲ့ရတယ်။  ဆားလှေပေါ်က ဂျပန်တွေကိုတော့ ရခိုင်တွေက နောက်ပိုးသိပ်သတ် ပစ်ပြီး ရေထဲတွန်းချပစ်ကြတယ်။  စစ်သင်္ဘောပြန်လာတော့ သူတို့က ဂျပန်တွေ မရှိတော့ဘူး ပြောလို့ သူတို့ပါ ဖမ်းခေါ်လာပြီး အိန္ဒိယကမ်းခြေမှာ ထားထားတယ်လို့ သိရတယ်။

ကျွန်မတို့စီးလာတဲ့ စစ်သင်္ဘောက ဟူဂလီးမြစ်ထဲစီးဝင်ပြီး စစ်တကောင်းကျတော့ ကမ်းကပ်ပါတယ်။  ကျွန်မ တို့ကို ချပေးခဲ့ပါတယ်။  အဲဒီမှာ ကျွန်မတို့ကို လာကြိုတာက အင်္ဂလိပ်စစ်ဗိုလ်တွေပါပဲ။  ကျွန်မက လမ်းမလျှောက် နိုင်တော့ဘူး။  တစ်ကိုယ်လုံး အပွန်းအပဲ့ အနာအဆာတွေနဲ့ ဖြစ်နေပါတယ်။  အဲဒီ အင်္ဂလိပ် စစ်ဗိုလ်တွေက ကျွန်မကို ပုခုံးပေါ်ထမ်းပြီး ခေါ်သွားကြတယ်။  တစ်ယောက်တစ်လှည့် သူတို့ထမ်းတယ်။  အဲဒီလို ထမ်းခေါ်ရင်း သူတို့က ပြောတယ်။

"တို့ ဂျပန်ကို တိုက်မယ်ပြောနေတာ၊ ခုမှ တိုက်ဖို့ပြင်တုန်း၊ ဂျပန် ကိုဆိုရင် ဂျပန်ချေး တောင်လန့်တုန်းတဲ့။  သူက ဂျပန်ကို တော်လှန်ဖို့ လာခဲ့တာ။ သူ့ကို သိပ်လေးစားတယ်" တဲ့။  ကျွန်မတို့ကို လေယာဉ်ကွင်း အထိ လိုက်ပို့ ကြပါတယ်။  ကိုတင်ရွှေ၊ ကိုညိုထွန်းတို့လည်း အတူပါလာတယ်။  စစ်တကောင်းကနေ ပထမ ဟိမဝန္တာ တောင်စောင်းက "မီရတ်" ဆိုတဲ့ တပ် မြို့ကလေးကို လေယာဉ်နဲ့ပို့ပါတယ်။  အဲဒီမှာ သုံးလ လောက်ကြာတယ်။  အဲဒီမြို့က လူတွေ က ဗမာမမြင်ဖူးတော့ ဗမာမလာရောက်လာတယ်ဆိုပြီး လာ လာ ကြည့် ကြတာ လူတွေကိုမ နည်းဘူး။  ကျွန်မလည်းအိမ်ထဲက အိမ်ပြင်ကို သိပ်မထွက်ရဲဘူး။  အဲဒီမှာ ကိုသိန်းဖေ နဲ့တွေ့ပြီး ဒေလီကိုရွေ့ရတယ်။  ဒေလီကမှ နယူးဒေလီကို တစ်ခါပြောင်းရပါတယ်။  နယူးဒေလီက မှ ကာလကတ္တားဘီဟားလားကို ပြောင်းရတယ်။

ကာလကတ္တားကို ရောက်တော့ အစ်ကိုကြီးကိုသိန်းဖေက ခေါင်းဆောင်ဖြစ်ပါတယ်။  သူက အားလုံးကို နေရာချပြီး တာဝန်တွေ ခွဲဝေပေးထားပါတယ်။  ပထမဆုံး ရောက်ရောက် ချင်း ဖက်ဆစ်ဂျပန် စစ်ဖိနပ် အောက်မှာ မြန်မာပြည်သူတွေ ဘယ်လိုနေရ၊ ထိုင်ရ၊ ခံစားကြရ တယ်။  ဘယ်လိုဆင်းရဲဒုက္ခ ရောက်ကြ ရတယ်။  ကုန်ဈေးနှုန်းတွေ ဘယ်လောက်ကြီးတယ်။ ကုန်ပစ္စည်းတွေ ဘယ်လောက်ရှားတယ်၊ ဆိုတာတွေ စာတမ်း ရေးရတယ်။  အစ်ကိုကြီးကိုသိန်း ဖေက တည်းဖြတ်ပြီး လေနတ်သား သတင်းစာမှာ ထည့်ပေးတယ်။

ကိုအောင်မြင့်နဲ့ နှစ် ယောက် အင်္ဂလိပ်စာ သင်ရတယ်။  နောက်နိုင်ငံရေးသင်တန်းတက်ရတယ်။  လေထီး သင်တန်း တက်ဖို့ လုပ်ရပါသေးတယ်။  ဒါပေမဲ့ ကျွန်မဆင်းရမယ့် ကျောက်ဆည်နယ်မြေရဲ့ အခြေအနေ အရ မဆင်းရတော့ဘူးဆိုပြီး မတက်ရတော့ပါဘူး။  SEI ကျောင်းတက်ရတယ်။  ပထမအသုတ် သခင်ဗိုလ် တို့၊ မန်းဝင်းမောင် တို့၊ ကိုချစ်ကောင်း တို့၊ ကိုအုန်းမောင်တို့ ရောက်လာကြတော့ ဆန်း ဒေးဗီလာ ဘုံရိပ်သာ ကို အုပ်ချုပ်ဖို့ ဗဟိုကလာပ်စည်းတစ်ခု အများသဘောသူ ရွေးချယ်ဖွဲ့စည်း တယ်။  ကိုသိန်ဖေ ခေါင်းဆောင်ပြီး သခင်မြသွင်၊ ကိုကျော်ရင်၊ ကိုအောင်မြင့်(ကိုထွန်းအောင် ကျော်)၊ ဂိုရှယ်နှင့် ကျွန်မ(မခင်စီ) ပါတယ်။ 

အားလုံးခြောက်ယောက်ဖြစ်ပါတယ်။  အဲဒီမှာ တာ ဝန်ယူရတယ်။  ဒီကလာပ်စည်းကြီးကနေ ဘုံရိပ်သာ တစ်ခုလုံး ကို အုပ်ချုပ်ပါတယ်။
ဟိုမှာ သူများတိုင်းပြည်သွားပြီး ကိုယ့်တိုင်းပြည်လွတ်လပ်ရေးအတွက် ဖက်ဆစ်ဂျပန် တော်လှန်ရေးအတွက် လုပ်ကြ၊ ကိုင်ကြ၊ နေကြရတာ၊ လွယ်တော့မလွယ်ဘူး၊ ဒါပေမယ့် ကိုယ့် တိုင်းပြည်လွတ်လပ်ရေးအတွက် ဖက်ဆစ်ဝါဒ ကို တိုက်ဖျက်ဖို့အတွက်၊ ဒီမှာရောက်နေကြတာ၊ လုပ်နေကြတာ၊ ဘာလုပ်ရလုပ်ရလုပ်မယ်၊ သေချင် သေပါစေ၊ လုပ်မယ်ဆိုတဲ့ နိုင်ငံရေးယုံ ကြည်ချက်စိတ်က ပြင်းထန်ကြတယ်။  ညီညွတ်ဖို့၊ စည်းရုံးဖို့၊ ရိုးသားဖြောင့်မတ် ဖို့၊ အရာရာစံပြ ဖြစ်ဖို့ ကြိုးစားဖို့၊ အပတ်တကုတ်အားထုတ်ဖို့ လိုတယ်ဆိုတဲ့ စိတ်တွေနှင့် နေကြရတာ။  ဒီမှာ ခေါင်းဆောင်နေတဲ့ အစ်ကိုကြီးကိုသိန်းဖေ ဆိုရင် အဲဒီကာလမှာ သူအလုပ်လုပ်တာကို သူတိုင်း က လေးစားရတယ်။ ချီးမွမ်းရတယ်။ ကျောရိုးတီဘီကြောင့် အိပ်ရပေါ်မှာ ပက်လက်ကြီး မလှုပ် မရှား နေရတယ်။  ဒီလိုနေရာက အလုပ်လုပ်တယ်။  သင်တန်းပေးတယ်။  နိုင်ငံရေးဆွေးနွေးပွဲ တွေလုပ်တယ်။  စာရေးတယ်။ တစ်ချက်မညည်းဘူး။ အံ့သြဖို့ကောင်းပါတယ်။  သူကခေါင်း ဆောင်။

ခေါင်းဆောင်က ဒီလိုလုပ်ပြတော့ ကျန်တဲ့သူတွေက မနေရဲကြဘူး။  သူ့စိတ်ဓာတ်နဲ့ သူလုပ်ရပ်ကို လေးစား ကြတယ်။  တိုင်းပြည်အတွက် သူလုပ်သလို လုပ်ကြတယ်။  နဂိုက လည်း တိုင်းချစ်ပြည်ချစ်စိတ်က အပြည့်ရှိ ကြ တဲ့ သူတွေ။  အသက်စွန့်ထားတဲ့လူတွေ။  သိပ်ညီညွတ်တာပဲ၊ တစ်ဦးနှင့်တစ်ဦး သိပ်လေး စားတာပဲ၊ သိပ်ချစ် ကြတာပဲ။  လူတွေက လူငယ်တွေချည်းပဲ။  အင်မတန်စိတ်အားကောင်းတဲ့ အရွယ်တွေ။  တစ်ခါ တလေ လူငယ်ဘာဝ ပေါက်ကွဲတာတွေ ပြဿနာတွေရှိခဲ့ကြပေမဲ့ ထိန်း လိုက်ရင်ရပြီ။  မှားရင်လည်း မှားတာ ကို ရဲရဲဝံ့ဝံ့ ဝန်ခံကြ၊ ဝေဖန်ကြ တစ်ဦးနှင့်တစ်ဦး ကူညီရိုင်း ပင်းကြနှင့် အခုပြန်တွေးရင်တောင် အခု ကြည်နူး လွမ်းဆွတ်မိတယ်။ 

လှကွန်းတို့၊ ဘစောတို့်၊ မောင်ကြည်တို့ရဲ့ အသက်တွေဟာ ၁၈ နှစ်၊ ၁၉ နှစ်သာ ရှိပါတယ်။  ငယ်ငယ်လေး တွေပါ။  ကိုအုန်းမောင် မှ အသက်နှစ်ဆယ်ရှိ သေးတယ်။  အစကတည်းက ငတ်မှာ၊ သေမှာ၊ သားတကွဲ၊ မယားတကွဲ၊ မိတကွဲ၊ ဖတကွဲ၊ ဖြစ်မှာကို တွက်ပြီးသား၊ သိပြီးသားပါ။  စွန့်ထွက်လာခဲ့ကြတဲ့ လူတွေဖြစ်တော့ ဘာဖြစ်မှ၊ ညာဖြစ်မှ၊ ဘာဖြစ်မယ်၊ ညာဖြစ်မယ်၊ ဘာရမယ်ဆိုတာ လုံဝထည့် မစဉ်းစားဘူး။  ကိုယ်ကျိုးအ တွက် ဘာမှ မလိုချင်ဘူး။  ဘာမှ မမျှော်မှန်းဘူး ဒီလိုနေခဲ့ကြတာ၊ ဒီလိုလုပ်ခဲ့ကြတာ။  ပျော် ပျော်ကြီး နေခဲ့ကြတာ။  သေနတ်နှင့် လာပစ်လည်းပျော်မှာပဲ၊ ကိုယ်ယုံကြည်တာ ကို လုပ်ရတာ လောက်ပျော်စရာ၊ ကျေနပ် စရာ ကောင်းတာ ဘယ်မှမရှိဘူး။

ပထမအသုတ်လူတွေ ရောက်လာကြတော့ အစ်ကိုကြီးက .....
"ဟေ့ မခင်စီရေ၊ သူတို့လိုနေတဲ့ ဖိနပ်တို့၊ ဘာတို့ လိုက်ဝယ်ပေးလိုက်စမ်းပါ။ ဈေးထဲကို ခေါ်သွားပြီး ပြ လိုက်ပါ"
တဲ့။  ဒါနဲ့ ကျွန်မက သူတို့ကို နယူးမားကတ်ထဲ ခေါ်သွားတယ်။  သူတို့ ရှစ်ယောက်လောက် ရှိ ပါတယ်။  ဖိနပ် မပါဘာမပါနဲ့ ကျွန်မနောက်က တစ်အုပ်ကြီးလိုက်လာတာ၊ ဈေးထဲရောက်တော့ ဆိုင်ကြီးတွေ၊ ဈေးတန်း တွေပြ၊ စတိုးဆိုင်တွေကို ပြတယ်။

ပါတားနီဆိုင် ရောက်တော့ တစ်ယောက်ပါတားနီ တစ်ထုပ်စီ ဝယ်ကျွေးတယ်။  နောက် ဖိနပ်ဆိုင် သွားကြတယ်။  သူတို့က တက္ကသိုလ်ကျောင်းသားကြီးတွေ၊ စစ်ဗိုလ်ကြီးတွေ၊ ခေတ် ပညာတတ်တွေ၊ ကျွန်မ က မူလတန်းဆရာမလေးပဲ။  ဒါပေမဲ့ သူတို့ဘာမှ မပြောဘူး၊ ကျွန်မ ခေါ်သွားတဲ့နောက် ပါတားနီ ကလေးတွေ ဝါးပြီး တကောက်ကောက်လိုက်တာပဲ။  ဟိတ်တွေ ဟန်တွေ မရှိဘူး။  သိပ်ရိုးသားကြတယ်။  နောက်တော့ ဖိနပ်ဝယ်ပြီး လိုက်ဟောက်စ်တို့ မက်ထရိုတို့ဆိုတဲ့ ရုပ်ရှင်ရုံတွေ လိုက်ပြပါတယ်။  ဟိုဟိုဒီဒီ လိုက်ပြ ပါတယ်။  ပြပြီးပြန်လာကြ တော့မှ.....
    "ဟေ့....ဟေ့ ခုနေ မခင်စီကို ဝိုင်းကန်ကြရအောင်"
တဲ့။  ဝိုင်းစကြတယ်။ 
    "ဟဲ့....ငါ့ကို ကန်လို့ မဖြစ်ဘူး။  မကန်ကြနှင့်ဦး၊ မင်းတို့ ပြန်တတ်လို့လား"
ဆိုတော့ ဝိုင်းရယ်ကြပါတယ်။  အဲဒါ ဖိနပ်အရင်ဝယ်မပေးပဲ၊ သူတို့ကို တစ်ဈေးလုံး ပတ်ခေါ်နေ လို့တဲ့။  စ ကြတာမောင်နှမ တွေလိုပဲ။  သွေးကညီတယ်။

ဆန်းဒေးဗီလားသင်တန်းက တစ်ပတ်ကို ခြောက်ရက်တက်ရပါတယ်။  နိုင်ငံရေးသင်တန်း၊ ဆွေးနွေးပွဲ၊ ကျန်းမာရေး လေ့ကျင့်ခန်းတွေ လုပ်ရပါတယ်။  မနက်ခုနစ်နာရီမှာထ၊ ကျန်း မာရေးလုပ် မနက်ပိုင်းစာဖတ်။  ညနေ နှင့် ညမှာ သင်တန်းတက်တဲ့ အခါတက် ဆွေးနွေးပွဲလုပ် တဲ့အခါလုပ်၊ အထူးကိစ္စရှိရင် တင်ပြ ဆွေးနွေးတာလုပ်၊ ဒီလိုနေကြရတာ ဒီဘုံရိပ်သာထဲမှာ အရက်နှင့် မလိုလားအပ်တဲ့ ပျော်ပါးမှုတွေ လုံးဝ လုပ်ခွင့် မပေးဘူး။  ဘုံရိပ်သာမှာ စာကြည့် တိုက်ရှိတယ်။  

စာအုပ်ငှားချင်ရင် သခင်မြသွင်တို့၊ ကိုဘသိန်းတို့ဆီမှာ ငှားရတယ်။ စားရေး ချင်ရင် ငါတို့စစ်ဂျာနယ် လက်ရေး စာစောင် ထုတ်တယ်။ ရေးချင်ဝင်ရေး၊ ရေးနည်းရေးပုံ၊ ရည် ရွယ်ချက်တွေကို အပြန်အလှန် ဆွေးနွေး တင်ပြကြတယ်။  စစ်ရေးနှင့် ပတ်သက်တာတွေက တော့     SEI ကျောင်းမှာ သွားသင်ရတယ်။  ဘုံရိပ်သာ မှာ မတက်ရဘူး။  ည(၁၀)နာရီ အိပ်ကြ ရတယ်။  အကုန်လုံး ကိုယ့်တာဝန်နှင့် ကိုယ် နေကြ ရတယ်။  သိပ်စည်းကမ်း ရှိတာပဲ။  ကျတဲ့ တာဝန်ကို ဘယ်သူမှ မညဉ်းဘူး။  လုပ်ကြတာပဲ။  ဘုံရိပ်သာ ချက်ရေး၊ ပြုတ်ရေးအထိ သူတို့ ဝင်လုပ်ကြတယ်။

မှတ်မိသေးတယ်၊ မောင်တင်ကြီး အကြောင်း။  မောင်တင်ဆိုတာ မန်းဝင်းမောင် ဖြစ်ပါ တယ်။  သူ့ကိုအိမ်က (ဘုံရိပ်သာ) ကုလားတွေက "မွတ်တာဝါးလားဆပ်" လို့ခေါ်တယ်။  သူက မီးဖိုဝင်ပြီး ချက်တဲ့ပြုတ်တဲ့ အခါ ကျရင် သူကဟင်းမြည်းတာ သိပ်ဝါသနာပါတယ်။ "မွတ်တား ဝါးလားဆပ်၊ ဟင်းကျက်ပြီလားဟေ့" ဆိုရင် "ကျက်ပြီဟေ့" လို့ဟင်းမြည်းနေတဲ့ အသံကြီးနှင့် ပြန်ပြောတတ်တယ်။ အဲဒါဆိုရင် သူမသိအောင် သူ့ဆီ အသာသွားပြီး သူဟင်းမြည်းနေတဲ့ ပန်းကန်ကို ယူဖွတ်ထားလိုက် ရော။ အဲဒါကို သူသိသွားရင် အော်ပါပြီ။"မခင်စီရေ ငါ့ပန်းကန်ယူသွားပြီ၊ ငါ့ပန်းကန်ပြန်ပေး ဆိုပြီး မီးဖိုထဲကနေ အလုပ်လုပ်ရင်း အော် နေတာပဲ။ ရယ်နေကြရတယ်။ အလုပ်ကလဲ လုပ်နိုင်တယ်။ သူ့ခန္ဓာကိုယ်၀၀ကြီးနဲ့ သိပ်အလုပ်လုပ်တာပဲ။

ကိုကျော်ရင်တို့၊ ကိုဌေး(ရဲဘော်ဌေး) တို့ကတော့ ရေချိုးခန်းမင်းသားတွေပဲ။ ရေချိုးခန်းထဲရောက်ပြီဆိုရင် ရေတွေ တစ်ဗွမ်းဗွမ်း လောင်းပြီး ပြည်လှဖေသီချင်း (နတ်သျှင်နောင်) သီချင်း၊ ကျေးစေတမန် သီချင်းတွေ ဆိုလိုက်တာ စုံနေတာပဲ။အဆိုတွေက လည်းကောင်း၊ အသံတွေကလည်းကောင်း ၊ ကိုယ့်တိုင်းပြည်နဲ့ ဝေးနေကြတော့ ကိုယ့်တိုင်းကိုယ့်ပြည် လွမ်းနေကြတာပါပဲ။ သူတို့က ရေချိုးခန်းမှာ ဆိုကြတာပဲ။ အပြင်ရောက်ရင်မဆိုဘူး။ ဒိပြင်အချိန်မှာမဆိုဘူး။ ဘယ်သူမှ မဆိုကြပါဘူး။ အလုပ်လုပ်နေ။ သင်တန်း တက်နေ၊ စာဖတ်နေကြရတယ်။ အားလည်းမအားကြပါဘူး။

သင်တန်းတက်ရတာတွေ၊ လေထီးခုန်ရတာတွေ ပြန်ပြောရင်ရင် ရယ်နေရပါတယ်။  သူတို့က မကြောက်မလန့် ရယ်စရာပြောပေမဲ့ လုပ်ရတဲ့ အလုပ်တွေက ရယ်စရာမဟုတ်ပါဘူး။
လေယာဉ်တောင် မစီးဖူးတဲ့ လူတွေဖြစ်ကြတယ်။ လေယာဉ်ပေါ်က ခုန်ချရတဲ့ အလုပ်ဆိုတာ မလွယ် လှပါဘူး။ ဒါပေမဲ့ သူတို့မှာ အဲဒါကို ပျော်စရာလိုပဲ။ မောင်ကြည်ပြောတာ ဆိုရင် "လေထီးခုန်တာ ဘာခက်တာ မှတ်လို့ မမရယ်တဲ့၊ ၀မ်းတူးသရီးဆိုခုန်ချလိုက်။ မူးချာ ပန်ချာလည်ပြီးကျလာ၊ လေထီး ပွင့် သွားရင် နတ်သားလေးဖြစ်သွားရော၊ သိပ်ကောင်းတာပဲ"တဲ့ အဲဒီလိုစိတ်ဓာတ်တွေ၊ အကြောက်တရား ကင်း တဲ့ စိတ်ဓာတ်တွေ။ အဲဒီလိုစိတ်ဓာတ် ရှိတဲ့သူတွေနဲ့ ကျွန်မ ဘုံရိပ်သာနေခဲ့ရတယ်။ တကယ့် သတ္တိခဲတွေပါပဲ။

နောက်ပိုင်း မြန်မာပြည်ပြန်ဖို့ လုပ်ကြတော့ ပထမဆုံး လေထီးနဲ့ဆင်းပြီး မြန်မာပြည်ပြန်တာ မောင်ကြည် ပါပဲ။ ဒီတုန်းက သူ့အသက် ၁၈နှစ်လောက်ပဲရှိတယ်။ လူငယ်ကလေးဖြစ်ပေမဲ့ ဒီမှာ သူနေတာထိုင်တာ သိပ်ကောင်း ပါတယ်။ လည်ဖို့၊ ပတ်ဖို့၊ မိန်းမပိုးဖို့ကိုတောင် သတိတောင် ရတဲ့လူငယ်မဟုတ်ဘူး။ သင်တန်း တက်လိုက်၊ ဆွေးနွေးပွဲဝင်လိုက်၊ စာဖတ်လိုက်၊ ရိပ်သာက အလုပ်လုပ်လိုက် SEI ကျောင်းတက်လိုက် နဲ့ နေတာ။ အေးလည်းအေးတယ်၊ သွက်လည်းသွက်တယ်၊ သူကရွှေဘို ဘက်က တန်ဆည်သားဖြစ်တယ်။ လေထီးနဲ့ ပဲခူး၊ ပျဉ်ပုံကြီးဘက်မှာ သူဆင်းတယ်။ သူဆင်းတော့ အောက်မှာကြိုမယ့်သူ မရှိဘူး။ အောက်က အခြေအနေ ဘာမှမသိဘူး။ ဂျပန်ရှိသလား၊ မရှိဘူးလား ဘာမှမသိဘူး။ 

စွန့်ပြီးဆင်းတာ မောင်မင်းကြီးသား ကံကြီးတော့ ဂျပန်နှင့်မတိုးဘဲ ချောချောမောမောကျသွားတယ်။ သူက ဂျပန်အ၀တ်အစား စစ်ဝတ်စုံဝတ်ပြီး ဂျပန်စစ်ကားတားစီးသွားတယ်။ ဂျပန်တွေကို ဂျပန်တွေလိုပြောပြီး ရန်ကုန်အထိ လိုက်သွားတာ နည်းတဲ့သတ္တိမဟုတ်ဘူး။ သူက ဂျပန်လိုလည်းတတ်တယ်။ ဒီလိုနဲ့ ရန်ကုန် ရောက် သွားပါတယ်။ ရန်ကုန်ရောက်တော့ သူသွားရတာ RET ဦးကျော်ငြိမ်း၊ ဒေါ်သိန်းတို့ အိမ်ကို သွားရမှာ ဖြစ်ပါတယ်။ ကိုတင်ရွှေက သေသေချာချာ သင်ပေးလိုက်တယ်။ သေသေချာချာလည်း မှာလိုက်ပါတယ်။ ဒေါ်သိန်း ဆိုတာ ၀၀တုတ်တုတ်နဲ့၊ ထိုင်ရင် ဘယ်လိုထိုင်တယ်၊  စကားပြောရင်ဘယ်လိုပြောတယ်၊ ဆေးလိပ် သောက်ရင် ဘယ်လို သောက်တယ်၊ စကားပြောပုံ၊ နေထိုင်ပုံတွေ သင်ပြပေးလိုက်ပါတယ်။ မောင်ကြည် ဦးကျော်ငြိမ်း အိမ်ရောက်ပြီး အိမ်ပေါ်တက်သွားတော့ အိမ်ပေါ်မှာ ဂျပန်နဲ့ တန်းတိုးရော။ ဒေါ်သိန်း က ဂျပန်တွေနဲ့ ထိုင်စကားပြောနေတော့ သူ့မှာပြန်ဆုတ်ရမလား၊ ဘာလုပ် ရမလဲမသိဘူး။ သူချက်ချင်း စဉ်းစားတယ်။ ပြန်ဆုတ်လို့တော့ မဖြစ်ဘူး။

ရုပ်ပျက်လိမ့်မယ်။ ဟိုဟာတော့ ဒေါ်သိန်းပုံစံ ပဲဆိုပြီး အိမ်ထဲဆက်ဝင်သွားပါတယ်။ ပါးစပ်ကလည်း "အမေသိန်း ကျွန်တော်တော့ ဆာလှပြီဗျာ" လို့ပြော။ လူကလည်း မီးဖိုလို့ ထင်ရတဲ့အခန်းထဲ စွတ်ဝင်သွား တာပါပဲ။ ဂျပန်ကလည်း ကြည့်နေတယ်။ ဒေါ်သိန်းကလည်း ပထမကြောင်ကြည့် နေတယ်။ နောက်မှ သတိဝင်လာပြီး "အေး..အေး ငါလုပ်ပေးမယ်" ဆိုပြီး မီးဖိုထဲ ၀င်လိုက်လာတယ်။ မီးဖိုထဲရောက်မှ ဒေါ်သိန်းက "မင်းဘယ်သူလဲ" လို့မေးတယ်။ သူကမဖြေပဲ အဒေါ်က ဒေါ်သိန်းမဟုတ်လား လို့ ပြန်မေး လိုက်တယ်တဲ့။ ဒေါ်သိန်းက အေးဟုတ်တယ် လို့ပြောမှ။ ဟုတ်ရင် အမေသိန်း ဂျပန်တွေနဲ့ ဟန်မပျက် စကားသွားပြောနေပါ။ ကျွန်တော့်ကို အိန္ဒယ က လွှတ်လိုက်တာပါ လို့ပြောလိုက်တယ်။ အဲဒါနဲ့ အဆင်ပြေ သွားပါတယ်။ မောင်ကြည်က အဲဒီလိုလဲ ဖြတ်ထိုးဥာဏ်လည်း သိပ်ကောင်းတယ်။ ဒီကနေ သူ့ကို လွှတ်လိုက်တာ၊ ပြန်လာတဲ့အထိ သူ့တာဝန်ကို ကျေပွန်အောင်၊ အဆင်ပြေအောင် လုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ သူ တွေ့ကြုံခဲ့တဲ့ အတွေ့အကြုံတွေ ပြန်ပြောရင် ကြောက်စရာ၊ ဒါတွေကို သူက ရယ်ရယ်မောမောနဲ့ ပြန်ပြော တာပဲ။ အဲဒီလို သတ္တိ၊ အဲဒီလိုစိတ်ဓာတ်တွေနဲ့ လုပ်ခဲ့ကြတယ်။

အင်္ဂလိပ်တွေ မေဂျာဝင်းဂိတ်တို့၊ မစ္စတာဆိုလီတို့၊ ဂျပန်ငွေစက္ကူတွေရိုက်ကြတုန်း ကလည်း  သူတို့ ရိုက်ထား တဲ့ ငွေစက္ကူတွေတစ်ထပ်ကြီး စားပွဲပေါ်ပုံလာပြီး"မစ္စက်ဖိုးရုံ ဒီမှာလာထကြည့်ပါဦး၊ ဂျပန်ပိုက်ဆံတွေ ရိုက်ထားတယ်၊ ဂျပန်ပိုက်ဆံနဲ့ တူရဲ့လား" တဲ့။ ကျွန်မထိုင်ရာကနေ ထမကြည့်ပါဘူး။ "မတူဘူး" လို့ ပြောလိုက်တယ်။ "ဘာလို့ မတူတာလည်း၊ လာကြည့်ပါဦး" တဲ့။ ကျွန်မက "ထကြည့်ဖို့ မလိုပါဘူး ဒီကနေ ကြည့်ရင် သိပါတယ်။ မတူဘူး။ ဂျပန်စက္ကူက မကောင်းဘူး၊ ဒီစက္ကူတွေက သိပ်ကောင်းတယ်၊ ဖွေးနု နေတယ်။ မြင်တာ နဲ့ သိတယ်"  လို့ပြောလိုက်ပါတယ်။ သူတို့ဘာမှမပြောဘူး။

ပြန်သွားကြပြီး စက္ကူညံ့ညံ့တွေနှင့် ရိုက်တယ်။ ပြင်ရိုက်ထားတာတွေ ယူလာပြီးပြတယ်။ "တူရဲ့လား"တဲ့ "စက္ကူ တော့ တူတယ်၊ ဒါပေမဲ့ ရိုက်ထားတာမတူဘူး" လို့ ဒီတော့ "ဘယ်လိုမတူတာလဲ"တဲ့ "မတူတာက ဘုရား နဲ့ A နဲ့စာလုံးနဲ့ လွဲနေတာ မတူတာပဲ"လို့။ "အစစ်မှာက A စာလုံးနဲ့ ဘုရားနဲ့ တည့်နေတယ်" လို့ ပြောတော့ ပြန်ရိုက်ကြရပြန်တယ်။ အဲဒါနဲ့ နောက်ဆုံး ဂျပန်ငွေစက္ကူအစစ်နှင့် ခွဲမရအောင်တူတဲ့ ဂျပန်ငွေစက္ကူ တွေ ရိုက်ထုတ်နိုင်ပါတယ်။ အိမ်မှာဆိုတာ အဲဒီပိုက်ဆံတွေ တစ်ပုံကြီးပါပဲ မြန်မာပြည်ပြန်ကြ တဲ့ လူတွေကို ထည့်ပေးလိုက်တာ အဲဒီပိုက်ဆံတွေပါ။ ဒါကြောင့် လူတွေကပြောကြတယ်။ မြန်မာပြည်မှာ ဂျပန် ထုတ်တဲ့ ဂျပန်ပိုက်ဆံထက် အင်္ဂလိပ်ထုတ်တဲ့ ဂျပန်ပိုက်ဆံက ပိုများတယ်ဆိုတာဟာ အဲဒီတုန်းက ထုတ်တာ ဖြစ်ပါတယ်။

တော်လှန်ရေး နီးတော့ ရဲဘော်တွေ မြန်မာပြည်ပြန်ကြဖို့ ပြင်ဆင်ကြပါပြီ။  ပြန်တဲ့အခါမှာ လေထီးဆင်းရမဲ့ ရဲဘော် တွေကို ဟိုမှာသူတို့ရဲ့တော်လှန်ရေး လုပ်ငန်းအတွက် ရွှေတို့၊ ငွေတို့၊ ပစ္စည်းတို့ကို ကျွန်မက စီစဉ်ပြီး ထည့်ပေး ရပါတယ်။ ဒီနေ့မြန်မာပြည် ဘယ်နှယောက်ပြန်မယ်ဆိုရင် အစ်ကိုကြီးက ခေါ်ပြောတယ်။ ဆင်းမယ့်လူ အရေအတွက်နဲ့ ပြင်ဆင်ပေးရပါတယ်။ ရဲဘော်တစ်ယောက်ကို ရွှေဒင်္ဂါးဆယ်ပြား၊ စိန်လက်စွပ် က တစ်ကွင်း၊ အင်္ဂလိပ်ငွေကလက်လေးလုံး၊ ဂျပန်ငွေကလက်တစ်ထွာအထူ၊ အဲဒီလိုထည့်ထည့်ပေးရပါ တယ်။ ရယ်စရာအဖြစ်ကတော့ လှကွန်းက သူပြန်ဆင်းရမယ့်အခါကျတော့ လာပြောတယ်။ မခင်စီတဲ့ ကျွန်တော့် ကို အင်္ဂလိပ်ငွေစက္ကူလက်လေးလုံး၊ ဂျပန်ငွေစက္ကူတစ်ထွာအစား၊ အင်္ဂလိပ်ငွေစက္ကူတစ်ထွာ၊ ဂျပန်ငွေစက္ကူ လက်လေးလုံး ထည့်ပေးပါတဲ့။ တော်တော်နောက်တဲ့ လူငယ်။ ငယ်ကလည်းအငယ်၊ ဆိုးကလည်း ဆိုးတယ်။ တကယ့်လူငယ်ပါပဲ။

နောက် သခင်ဗိုလ် တို့၊ စောဦး တို့၊ ဘသိန်း တို့အပြန် လေယာဉ်ပျက်ကြတုန်းကဆိုရင် သိပ် စိတ်ထိခိုက် ရပါတယ်။ သူတို့ထွက်သွားကြတုန်းက နှစ်သုတ် ထင်ပါတယ်။ သူတို့သတင်း ရောက်လာတော့ ဒီမှာ ညစာ ထမင်းစားပြီးစ ပန်းကန်တွေတောင်မဆေးရသေးဘူး။ အစ်ကိုကြီးက ခေါ်ပြောတာ။ မခင်စီရေ သခင်ဗိုလ် တို့၊ အတာတို့မရှိတော့ဘူးတဲ့ ဗြုန်းစားကြီး အံ့အားသင့်ပြီး ဘာပြန်ပြောရမှန်းမသိဘူး။ ရင်ထဲ ဆို့ နေတယ်။ မနေ့ ကဘဲ သူတို့ဒီက ထွက်သွားကြတာ။ ဒီနေ့မရှိကြတော့ပါဘူး။ နှမြောလိုက်တာ သခင်ဗိုလ် ဆိုရင် ကောလိပ် ကျောင်းသားကနေ သခင်ခေါင်းဆောင်ဖြစ်လာတဲ့သူ။

စာရေးစာဖတ်ဝါသနာပါပြီး စာရေးကောင်းတဲ့သူ။ စာရေးစာဖတ်ဝါသနာပါပြီး စာရေးကောင်းတဲ့သူ။ အိန္ဒိယ ကို လာတဲ့လေထီးဆင်းရဲဘော် ပထမဆုံးအသုတ်ကို ခေါင်းဆောင်လာတဲ့သူ။ စောဦးဆိုရင်လည်း ဘားမားရိုင်ဖယ် တပ်ထဲကနေ  ဒီအထဲပါလာတဲ့သူ။ အတာလို့ခေါ်တဲ့ ကိုဘသိန်းကတော့ ခေတ်ပညာတတ်၊ ဘီအေ ကို အင်္ဂလိပ်စာဂုဏ်ထူးနဲ့ အောင်ခဲ့တဲ့သူ၊ ဘီအိုင်အေ တပ်မှူးတစ်ယောက်။ ဒီကိုရောက်လာတော့ နှိမ့်နှိမ့် ချချ နေတယ်၊ ဇွဲရှိတယ်၊ လုံ့လ ၀ီရိယရှိတယ်။ ကိုယ်ကျိုးမငဲ့ပဲ သူတပါးကို ကူညီတတ်တာ တွေ ကြောင့် အင်မတန် လူချစ်လူခင်ပေါတယ်။ တော်လည်းတော်တယ်။ ဒီလို အဖိုးတန်လှတဲ့ တိုင်းပြည်ရဲ့  သားကောင်း ရတနာ တွေ အခုလိုဆုံးရှုံးသွားရတဲ့ အတွက် ကျွန်မတို့မှာ ယူကျုးံမရ ဖြစ်ခဲ့ကြရတယ်။ ဖြေသိမ့် မရ ဖြစ်ခဲ့ကြရတယ်။

အစ်ကိုကြီးက ချက်ချင်း ဘုံရိပ်သာအစည်းအဝေးခေါ်တယ်။ သူတို့ကို အလေးပြုတယ်၊ ချီးကျုးတယ်၊ ၀မ်းနည်း စကားပြောကြတယ်။ သူတို့အတွက် တိုင်းပြည်တာဝန် ပိုယူကြဖို့ အဓိဌာန်ပြုကြတယ်။ အဲဒီနေ့ကို ကျွန်မ တို့ အားလုံး မမေ့နိုင်ကြတော့ပါဘူး။ ဂျက်ဆို လေယာဉ်ကွင်းက အတက်မှာ လေယာဉ်ပေါက်ကွဲပြီး ပျက်ကျ သေဆုံးသွားကြရတယ်။ လေယာဉ်ပေါ်က အကြိမ်ကြိမ်ခုန်ချတုန်းကမသေ။ စစ်လေ့ကျင့်ခန်းတွေ၊ ဖောက်ခွဲရေး သင်တန်းတွေတက်ခဲ့ကြတုန်းကမသေ။

အိန္ဒိယအလာတောကြမ်းတောင်ကြမ်း၊ ခရီးလမ်းမှာ မသေခဲ့ကြဘဲ ဒီကျမှ ဒီလိုသေကြရတယ်။ တကယ့်ကို အစားထိုး မရနိုင်တဲ့ ဆုံးရှုံးမှုကြီးပါပဲ။ ဒီမှာရဲဘော်တွေက မြန်မာပြည်ကို ကုန်းလမ်းက၊ ရေလမ်းကပြန်ကြ၊ လေထီး နဲ့ ဆင်းကြ။ နောက်ပြန်လာကြ၊ ပြန်သွားကြ၊ အခေါက်ခေါက်အခါခါ အိန္ဒိယနဲ့ မြန်မာပြည်ကို အိမ်ဦးနဲ့ ကြမ်းပြင်လို သွားနေကြတာ။ သေမင်းနဲ့ နပန်းလုံးနေကြပေမဲ့ အဆုံးအရှုံးမရှိခဲ့ဖူး။ အခု သူတို့ကျမှ ဆုံးရှုံး လိုက်ကြရတော့ ရဲဘော်တွေ စိတ်ထိခိုက်ကြရတယ်။ ဒါပေမယ့် သူတို့စိတ်ထိလိုက်ရ တာကိုး အားမာန် တွေ အဖြစ် ပြောင်းပစ်လိုက်ကြပြီး တိုင်းပြည်အတွက် အလုပ်တွေကို ဆတက်ထမ်းပိုး တိုးလိုက် ကြတယ်။ နည်းတဲ့စိတ်တွေ မဟုတ်ကြပါဘူး။

ဖက်ဆစ်တော်လှန်းရေးပြီးခဲ့လို့ လွတ်လပ်ရေးရခဲ့တဲ့နောက် ကိုတင်က သမ္မတကြီး မန်းဝင်းမောင်ဖြစ်ပြီး ကိုတူး က ကာနယ်ချစ်ကောင်းဖြစ်နေချိန်မှာ ကိုတူးကြိုးတိုက်ထဲရောက် နေပြီလို့်ကြားတော့ ကျွန်မရန်ကုန် ကို လာတယ်။ အစ်ကိုကြီး ကိုသိန်းဖေနဲ့တွေ့တယ်။ "အစ်ကိုကြီး ကိုတူးနဲ့တွေ့ချင်တယ် ၊တွေ့ပါရေစေ" ဆိုတော့ သူစီစဉ်ပေးတယ်။ တစ်နေ့ရန်ကုန်အကျဉ်းထောင်ကြီးထဲသွားပြီး ထောင်ဝင်စာတွေ့ကြပါတယ်။ ထောင်ကြီး ထဲ ရောက် တော့ ကြိုးတိုက်ထဲမှာ ကိုတူးကိုတွေ့လိုက်ရတယ်။ တွေ့တော့ကျွန်မစိတ်ထဲ မကောင်းဘူး။ ဒီနေရာမျိုးမှာလည်း သူ့ကိုမတွေ့ချင်ဘူး။ ကိုတူးကတော့ အေးအေး ဆေးဆေးပဲ "မခင်စီ နေကောင်း ရဲ့လား၊ ကလေးတွေရောနေထိုင်ကောင်း ရဲ့လား" မေးပါတယ်။ ပြီးတော့မှ "မခင်စီရေ ကျုပ်သေမယ် ဆိုရင် သေပျော်ပါပြီဗျာ၊ တိုင်းပြည်အတွက် ကျူပ် လုပ်ခဲ့ပြီးပြီပဲ။ ဒါပေမဲ့ ကျူပ် မသေချင် သေးဘူး၊ ဘာဖြစ် လို့လဲဆိုရင်၊ ကျုပ်မှာ တိုင်းပြည်ကို တင်ပြစရာတွေရှိသေးတယ်" အဲဒါသူပြောတာပဲ နောက်တော့ သူ ရေးတယ်။ အနှစ်နှစ်ဆယ်ဆိုတဲ့စာအုပ်။ "အနှစ် နှစ်ဆယ်မျှ တိုင်းပြည်အတွက် လုပ်လာပြီးနောက် ကျွန်တော် သည် ကိုယ့်ကိုယ်ကိုပြန်၍ ကြည့်သောအခါ ကြိုးတိုက်ထဲ သို့ ရောက်၍ နေသည် ကို တွေ့ရလေသည်" ဆိုတဲ့ စာကြောင်း ဟာနာမည်ကြီးပဲ။ အဲဒါကို သူရေးတာပဲ။

နောက်တစ်ခါ အစ်ကိုကြီးကိုသိန်းဖေကိုပဲ "ကျွန်မ သမ္မတကြီး မန်းဝင်းမောင် နဲ့ တွေ့ချင်တယ် စီစဉ် ပေးပါဦး" ဆိုတော့ သူပဲဖုန်းဆက်ပြီး စီစဉ်ပေးတယ်။ တွေ့ခွင့်ရတယ်။ အလုံလမ်းက သမ္မတအိမ်တော်မှာ သွားတွေ့ရတယ်။ မန်းဝင်းမောင်က ၀မ်းသာအားရ ကျွန်မကိုအိမ်ဝက ဆီးကြိုတယ်။ လက်ဖက်ရည်ပွဲတွေ ဘာတွေ နဲ့ ဧည့်ခံပါတယ်။ ကလေးတွေ အကြောင်း၊ မိသားစုတွေအကြောင်း စီးပွားရေးတွေအကြောင်း ပြောကြ ဆိုကြတယ်။ ပြီးတော့မှ ကျွန်မက "သမ္မတကြီးကို ပြောစကားရှိလို့လာခဲ့တာ"ဆိုတော့ သူက "မပြောပါ နဲ့ တဲ့၊ ကျောက်ဆည်ကိုပြန်ပါတဲ့၊ ဘာအကူအညီလိုလဲပြောပါတဲ့" စကားဖြတ်ပါတယ်။ သူ "ကျောက်ဆည် တံတား ဖွင့်ပွဲ ကျ ခဲ့လာမယ်။ အဲဒီကျမှ ပြောတာပေါ့"တဲ့။

ဒါနဲ့ ကျွန်မကျောက်ဆည် ပြန်ခဲ့တယ်။ ဒါပေမဲ့ ကျောက်ဆည်တံတားဖွင့်ပွဲ သူမလာနိုင်ဘူး။ မေမြို့ (ပြင်ဦးလွင်) ကိုအသွား မန္တလေးကို ရောက်လာတယ်။ လေယာဉ်နဲ့ မန္တလေးကနေပြီးကားလွှတ်ပြီး ကျွန်မကို ခေါ်တယ်။ ကလေးတွေနဲ့ မိသားစုလိုက် လိုက်သွားရတယ်။ မန္တလေးကမှ သူတို့နဲ့အတူ မေမြို့ကို ကားတွေ နဲ့ အတူ တက်ကြတယ်။ သူတို့ကကားတစ်စီး၊ ကျွန်မနဲ့ သူ့ကလေးတွေရော၊ ကိုယ့်ကလေးတွေရော ကားတစ်စီး၊ ဒါနဲ့ မေမြို့ကိုရောက်ကြတယ်။
   
မေမြို့ရောက်တော့ နေကြရတဲ့ အိမ်ကြီးက တိုက်တိုက်ဆိုင်ဆိုင် ဟိုတုန်းက အိန္ဒယမှာနေတုန်းက အိမ်ကြီး နဲ့ တူပါတယ်။ အိမ်ကြီးဆောက်ထားပုံ၊ လှေကားတက်ထားပုံ၊ အခန်းဖွဲ့ပုံ သိပ်တူပါတယ်၊  တစ်ခါတည်း ဟိုတုန်းက ရဲဘော်တွေနဲ့ အတူနေခဲ့၊ ထိုင်ခဲ့၊ အလုပ်လုပ်ခဲ့ကြရတာတွေကို အကုန်ပြန်ပြီး မြင်ယောင် နေတော့တယ်။ ကရင်လူငယ်ခေါင်း ဆောင်၊ ဘီအေအောင်ပြီး သခင်သန်းထွန်းရုံးမှာ အလုပ်လုပ်ရင်း အိန္ဒယရောက်လာပုံ၊ ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့သူအကျင့် ၊ ပျော်ပျော်နေတတ်တဲ့သူ့ဟန်တွေ၊ အတာ (ကိုဘသိန်း)၊ သခင်ဗိုလ်၊ ကိုတင်ရွှေ၊ အိပ်ရာပေါ်ပက်လက်ကြီး အလုပ်လုပ်နေတဲ့ အစ်ကိုကြီး ကိုသိန်းဖေ အကုန်ကုန် ပြန်သတိရနေတယ်။ ကိုတင်နဲ့အတူ ကိုတူး၊ ကိုမြ(ကိုအုန်းမောင်) တို့ရောက်လာကြပုံ အကြောင်းတွေ ကို သတိရနေတယ်။

စိတ်ထားမှာလွမ်းသလိုလိုနဲ့ ဟောအခုကျတော့ ကိုတင်က သမ္မတအိမ်ရောက်ပြီး  သမ္မတကြီး မန်းဝင်းမောင် ဖြစ်နေပြီ။ ကိုတူးက ကာနယ်ချစ်ကောင်းအဖြစ်နဲ့ ရန်ကုန်အကျဉ်းထောင်ကြီးထဲက ကြိုးတိုက်ထဲ ရောက်နေပြီး ကိုမြ(ကိုအုန်းမောင်) ကလည်း ရန်ကုန်ထောင်ထဲမှာ ရောက်နေတယ်။ အဲဒီညက တော်တော်နှင့်အိပ်မရပါဘူး။ လင်းပိုင်းကျမှ ခဏလေးနဲ့ အိပ်ပျော်သွားတော့တယ်။ ပြီးတော့ခပ်စောစောပဲ နိုးတယ်။ အဲဒီတုန်းမှာ သမ္မတကြီးက "ဟေ့..မခင်စီ မထသေးဘူးလားကွ၊ ထတော့ ထတော့ မျက်နှာသစ် ကွာ၊ လက်ဖက်ရည်သောက်ကြမယ်" တဲ့လာနှိုးပါတယ်။

ကျွန်မကထပြီး အိပ်ယာတွေဘာတွေသိမ်းပြီးတော့ "မခင်စီ ဘာဖြစ်နေတာလဲတဲ့" မေးတယ်။ ဒါနဲ့ ကျွန်မက "ဘာမှမဖြစ်ပါဘူး၊ ပညာရှိများ နှိပ်စက်ရင် အတော်ခံရဆိုးတာပဲ" ဆိုတော့သူကဘာတွေပြောနေတာလဲ၊ နောက်မှ ပြောတဲ့၊ အခု လက်ဖက်ရည်သောက်ကြမယ်တဲ့။ ဒါနဲ့ ကျွန်မက မျက်နှာတွေဘာတွေသစ်ပြီး လက်ဖက်ရည်ပွဲ ၀င်ထိုင်ပါတယ်။ မုန့်စားလက်ဖက်ရည်သောက်ပါတယ်။ အဲဒီမှာ စကားတွေပြောကြပေမဲ့ ဟိုအကြောင်း ဒီအကြောင်းပဲ ပြောပါတယ်။ ကိုတူးအကြောင်း စကားအစမခံဘူး။ လက်ဖက်ရည်ပွဲ ပြီးတော့မှ သူ့ဇနီး ကို "ငါနဲ့ မခင်စီ အောက်ဆင်းကြဦးမယ်၊ အောက်ကမြက်ခင်းပေါ်မှာ စကားပြောကြဦးမယ်ကွာ" ဆိုပြီး ဆင်းလာကြတယ်။ ကျွန်မတို့နဲ့ ဘယ်သူမှ မပါကြပါဘူး၊ မြက်ခင်းပြင်အလယ်လောက်မှာ နှစ်ယောက်သား ထိုင်မိတော့မှ " ကဲပြောတော့" လို့ သူကဆိုတယ်။ ကျွန်မမှာ တကယ်ပြောတော့ ဘယ်က စပြော ရမှန်းမသိပါဘူး။

ကျွန်မဘာပြောရမှာလဲ၊ နိုင်ငံတော် သမ္မတကြီး သက်တော်ရာ တော်ရှည်ပါစေလို့ ဆုတောင်းရမလား၊ ဒါမှမဟုတ် ကြိုးတိုက်ထဲက ကိုတူးသေပါစေ လို့ဆုတောင်းရမလား၊ ဒီနှစ်ခုထဲမှာ ကျွန်မဗျာများနေပြီ၊ ကျွန် မ အဖြစ်က တော်တော် ဆိုးပါတယ်။ ကျွန်ကဘာလုပ် ရမလဲ မသိဘူး" လို့ပြောလိုက်တယ်။ ဒီတော့သူက "မခင်စီ ဘာဖြစ်ချင်တုန်း" တဲ့" ကျုပ်ကတော့တော်၊ ကိုတင်သမ္မတကြီး ဖြစ်မှ ကိုတူးသေရတာမျိုး အဖြစ် မခံနိုင်ဘူး" လို့အဲဒီလိုပဲ ပြောလိုက်တယ်။ သူကငြိမ်ပြီးနားထောင်နေတယ်။ အမြဲတမ်းပြုံးနေတဲ့ မျက်နှာဟာ တည်ငြိမ်ပြီး နေတယ်။ ဘာတစ်ခွန်းမှ ပြန်မပြောဘူး။ အဲဒါပဲ ပြောပြီးကျောင်ဆည်ကို ပြန်ခဲ့ကြတယ်။ သူပဲစီစဉ်ပြီးပြန်ပို့ပေးခဲ့ပါတယ်။ ဒီလိုနဲ့ ကျောက်ဆည်မှာ နေတာ လေးငါးခြောက်လလောက်ထင်ပါတယ်။

အဲဒီလောက်ကြာမှာ တစ်နေ့မှာ သတင်းစာတစ်စောင်ဖတ်ရပါတယ်။ လက်ဖက်ရည်ဆိုင်မှာပါ။ သတင်းစာ ထဲမှာ စာလုံးကြီးကြီးနှင့် သမ္မတကြီးအမိန့် နှင့် ကာနယ်ချစ်ကောင်း လွှတ်လိုက်ပြီဆိုတဲ့  သတင်းဖတ်ရတယ်။ "ဟယ်" ဆိုပြီး ၀မ်းသာလိုက်တာလေ မပြောနဲ့တော့၊ သတင်းစာကြီးဖတ်ရင်း မျက်ရည်တွေ ပိုးပိုး ပေါက်ပေါက်ကျမိတယ်။ ဒါကြေင့် ငါ့မောင် ကိုတင်ကြီး ကို ငါချစ်တာ။ သိပ်ပြီးရဲဘော်စိတ်ရှိတာ။ ရဲဘော် ပီသ လိုက်တာလို့ တွေးပြီး ပျော်လိုက်တာ၊မျက်ရည်ကို မသုတ်နိုင်ဘူး။ တို့များ တို့ရဲ့ အကောင်းဆုံး အရွယ်တွေကို တိုင်းပြည်အတွက် ပေးလှူပြီးလုပ်ခဲ့ကြတယ်။သေချင်းပေါင်း၊ ရှင်ချင်းပေါင်းတွေ၊ သေဖော်ရှင် ဖက်တွေ လုပ်ခဲ့ ကိုင်ခဲ့ကြတာ၊ ဒါဟာရဲဘော်စိတ်၊ ဒီစိတ်တွေ ရှိကိုရှိရမယ်။
ဘယ်နှယ် ကိုတင်ကြီး သမ္မတဖြစ်မှ ကိုတူး သေရမယ်ဆိုရင် ရာဇဝင်ရိုင်းသွားမှာပေါ့။  စိတ်ဓာတ်တွေဟာ ဘယ်လောက် ပြင်းထန် တဲ့ စိတ်ဓာတ်တွေလဲ။  ဒီစိတ်တွေနဲ့ တိုင်းပြည် အတွက်လုပ်ခဲ့ကြတာပါလား။
                           
စာရေးသူ - ဒေါ်မြရီ (ကျောက်ဆည်)
မြန်မာသစ် မဂ္ဂဇင်း ၂ဝ၁၁ ဧပြီလ
.

2 comments:

Saw Thet Lin said...
Bi Weekly Eleven No 36 Vol 3 Friday December 3 2010 အရ ဒေါ်မြရီသည် အသက် ၉၂ နှစ်အရွယ် ၊ ၂၀၁၀ ဒီဇင်ဘာ ၉ ရက် ကျောက်ဆည်မြို့တွင် ကွယ်လွန်ခဲ့ပါသည်။
May 4, 2011 10:53 PM
Anonymous said...
အဘွား ကောင်းရာသုဂတိ လားပါစေ။ ကျွန်တော့်အမြင်လေးတော့ မနေနိုင်လို့ ဝင်ပြောမယ်နော်။ ဗိုလ်မှူးချစ်ကောင်း လွတ်ငြိမ်းချမ်းသာနဲ့ လွတ်သွားတာ (နှစ်တွေ ကြာခဲ့ပေမယ့်)ဝမ်းသာပါတယ်။ ဒါပေမယ့် သမ္မတဟာ သမ္မတတစ်ဦးရဲ့ လွတ်ငြိမ်းချမ်းသာပေးခွင့်အာဏာကို ပေးသင့်တဲ့သူမို့ သူပေးလိုက်တာ ဆိုတာသာ ဖြစ်ရမယ်။ ''သူငယ်ချင်းမို့ လွှတ်ပေးလိုက်တာ၊ သမ္မတကြီးက ရဲဘော်စိတ် သိပ်ရှိတယ်''ဆိုတာက ချီးမွမ်းရာ မရောက်ဘဲ ဆန့်ကျင်ဘက် အဓိပ္ပာယ်ဖြစ်သွားနိုင်တယ်။ ကိုတင်ကြီး သမ္မတဖြစ်မှ ကိုတူးသေရမယ်ဆို ရာဇဝင် ရိုင်းသွားမှာပေါ့ ဆိုတာတွေက သမ္မတကြီး မန်းဝင်းမောင်ကို ချီးမွမ်းရာ မရောက်ဘူး။ မိတ်ဆွေမို့ လွှတ်ပေးလိုက်တာလို့ ဂုဏ်ယူရာ ရောက်တယ်။ ဗိုလ်မှူးချစ်ကောင်းဟာ တစ်ချိန်က လွတ်လပ်ရေးတိုက်ပွဲမှာ ပါဝင်ကြိုးပမ်းခဲ့ဖူးတာကို ထောက်ထားပြီး သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်။ ဒါဟာ နှစ်ဖက်စလုံးအတွက် သိက္ခာရှိတဲ့ အကြောင်းပြချက်ပဲ။ ကုန်ကုန်ပြောရရင် သူငယ်ချင်းမို့ တမင် မျက်နှာလိုက်လိုက်တာဆိုရင်တောင် ဒီလိုကြီး တစ်ဖက်က ထုတ်မပြောရဘူး။ ကူညီလိုက်တဲ့သူ နေရကျပ်သွားမယ်လေ။
May 5, 2011 4:12 AM

http://www.shwezinu.com/2011/05/blog-post_8638.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ